နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်


MNP ၊ စက်တင်ဘာ ၁၅

NGO/INGOများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Hotel Max၊ Kumudra Ballroom ၌ ကျင်းပရာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြည်တွင်းအသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယနေ့ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းပေးနိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ် သည့်အတွက် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများ၊ ဝေးလံခေါင်သီသောဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့များ၏ အားကိုရယူရပါကြောင်း၊ အသင်းအဖွဲ့များကလည်း ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန်အတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ထိုသို့ မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များရယူရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် ဌာနအဖွဲ့အစည်း၏မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ပြီး မြန်ဆန်စွာဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ၏ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အကဲဖြတ်သတ်မှတ်သည့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့၏ နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှုအစီရင်ခံစာအရ ပရဟိတအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ရာ၌ အသုံးချခံရနိုင်ခြေများသည့်အတွက် ငွေကြေးခဝါချ မှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်မှုအားနည်းသည်ဟု သတ်မှတ်ခံထားရပါကြောင်းနှင့် အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက INGO/ NGO များကို အသုံးချပြီး တရားမဝင်ကိစ္စရပ်များအတွက် ထောက်ပံ့မှုများမဖြစ်စေရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် INGO နှင့် NGO များအနေဖြင့် အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် NGO/ INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများကိုလည်းကောင်း၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပရဟိတအသင်းအဖွဲ့များနှင့် သက်ဆိုင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်းရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းအကြံပြုဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ အတွင်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။


#MyanmarNationalPost

No comments:

Post a Comment