မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးဖြစ်သူတို့အား PDF အကြမ်းဖက်သမားများက ပစ်ခတ် သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးဖြစ်သူတို့အား PDF အကြမ်းဖက်သမားများက ပစ်ခတ် သတ်ဖြတ်


MNP ၊ စက်တင်ဘာ ၁၃

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးဖြစ်သူတို့အား ယနေ့ ညနေ (၃ ၀၀)နာရီ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

လေကြောင်းရဲတပ်ဖွဲ့၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုး၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ထမ်းအိမ်ရာ ၊ တံတားဦးမြို့နေသူသည် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်း၊ သမီးဖြစ်သူ မခင်ဂျူးဂျူးစိုး ၉ နှစ်နှင့် သားဖြစ်သူ မောင်ကောင်းဇေပိုင်မင်းစိုး ၂ နှစ်တို့နှင့်အတူ Honda Fit ခဲရောင်မော်တော်ယာဉ်ဖြင့် စစ်ကိုင်းမြို့၏အနောက်ဘက် ၇ မိုင်ခန့် အကွာ၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၊ ရွှေဘုံသာဘုန်းကြီးကျောင်းအနီးရောက်ရှိခဲ့ပြီး ကားအားရပ်ထားခဲ့ကာ ဇနီး၏မိခင် ဖြစ်သူ ဒေါ်လှမြိုင် ၏နေအိမ်သို့ ရောက်ရှိကန်တော့ခဲ့ကြောင်း၊ ညနေ (၃ ၁၀) အချိန် ကားရပ် ထားခဲ့သည့် ရွှေဘုံသာဘုန်းကြီးကျောင်းအနီးသို့ ပြန်လာစဉ် အကြမ်းဖက်အုပ်စု PDF အကြမ်းဖက်သမား ၈ ဦးမှ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ် သန်းမင်းစိုး တွင် နဖူးနှင့် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း၊ အလားတူ သားဖြစ်သူ မောင် ကောင်းဇေပိုင်မင်းစိုးတွင် တင်ပါး ကျည်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် ဒုရဲအုပ် သန်းမင်းစိုး၏ ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းအား ကျေးရွာ အနောက်ပိုင်းသို့ခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ငယ်ထိပ်ကျည် ဖောက်ဝင်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ကာ  အလောင်းအား ဒုရဲအုပ် သန်းမင်းစိုး၏အလောင်းအနီးသို့ ပြန်လည် သယ်ဆောင်ထားရှိခဲ့ကြောင်းနှင့် အကြမ်းဖက်အုပ်စု PDF များသည် မော်တော်ယာဉ်အား ယူဆောင်ကာ ညောင်ကုန်းကျေးရွာဘက်သို့ မောင်းနှင်ထွက်ခွာသွားကြောင်း သိရသည်။

သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁ ဦး တို့အား ဆွေမျိုးသားချင်းများမှ အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် သယ်ဆောင်လာရာ ည(၇ ၂၀)အချိန် စစ်ကိုင်းမြို့နယ်ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ကလေးငယ်အား ဆေးကုသပေးလျက်ရှိ ကြောင်း၊  မခင်ဂျူးဂျူးစိုးအား ဒေါ်သူဇာထွန်း၏ မိခင်ဖြစ်သူ ဒေါ်လှမြိုင်မှ ခေါ်ဆောင်ထားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment