စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ မိဘများအား လာရောက်ကန်တော့သည့် ရဲအရာရှိနှင့် မိသားစုအား PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ မိဘများအား လာရောက်ကန်တော့သည့် ရဲအရာရှိနှင့် မိသားစုအား PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်


MNP ၊ စက်တင်ဘာ ၁၄

စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ မိဘများအား လာရောက်ကန်တော့သည့် ရဲအရာရှိနှင့် မိသားစုအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခဲ့သဖြင့် ရဲအရာရှိနှင့် ဇနီးဖြစ်သူတို့ သေဆုံးကာ ၂ နှစ်အရွယ် သားဖြစ်သူကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦးသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ဇနီး၊ (၉)နှစ်အရွယ် သမီးတစ်ဦးနှင့် (၂)နှစ်အရွယ်သားတစ်ဦးတို့နှင့်အတူ Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ နေထိုင်သည့် မိဘများအား သွားရောက်ကန်တော့ကာ ညနေပိုင်းတွင် တံတားဦးလေဆိပ်သို့ ပြန်ရန်အတွက် ကျေးရွာရှိ “ရွှေဘုံသာ”ဘုန်းကြီးကျောင်းအနီး၌ ရပ်တန့်ထားသည့် ၎င်းတို့၏ မော်တော်ယာဉ်သို့ သွားရောက် စဉ် မော်တော်ယာဉ်အနီးအရောက်၌ အသင့်စောင့်ဆိုင်းနေသည့် PDF အမည်ခံအကြမ်းဖက်သမား များက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ရဲအရာရှိမှာ လက်နက်ငယ် ထိမှန်ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး (၂)နှစ်အရွယ်သားဖြစ်သူတွင် တင်ပါးကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

ထို့နောက် အကြမ်းဖက်သမားများသည် ရဲအရာရှိ၏ဇနီးအား မော်တော်ယာဉ်ဖြင့် သလွန်ဖြူကျေးရွာအနောက်ပိုင်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ပြန်လည်သယ်ဆောင်၍ အခင်းဖြစ်နေရာ၌ ချထားကာ မော်တော်ယာဉ်အား မောင်းနှင်ယူဆောင်သွားခဲ့သည်။

ဖြစ်စဉ်တွင် ရဲအရာရှိနှင့် မိသားစုသည် မိဘများအား ဗုဒ္ဓဘာသာထုံတမ်းအစဉ်အလာနှင့် အညီ သွားရောက်ကန်တော့ခြင်းသာဖြစ်ပြီး ထိုသို့ သွားရောက်ခြင်းသည် လုံခြုံရေးတာဝန်သွား ရောက်ထမ်းဆောင်ခြင်း မဟုတ်သကဲ့သို့ အခြားရည်ရွယ်ချက်ဖြင့် သွားရောက်ခြင်း မဟုတ် ကြောင်းနှင့် ၎င်း၏ဇနီးမှာလည်း နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်မှုမရှိသူ ရိုးသားစွာ နေထိုင်လျက် ရှိသည့် သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်ကြောင်း သိရသည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ် ခြင်းနှင့် ဝန်ထမ်းများ၏ ရိုးသားစွာနေထိုင်လျက်ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်မှုမရှိသူ အပြစ်မဲ့ပြည်သူများဖြစ်ကြသည့် မိဘ၊ ဇနီးနှင့် သားသမီးများကိုပါ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ကာ ငွေကြေးတောင်းခံခြင်းများ စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား ယုတ်မာရက်စက်စွာ လုပ်ဆောင်လျက်ရှိသဖြင့် ၎င်း အကြမ်းဖက်သမားများ၏ လုပ်ရပ်များအပေါ် အများပြည်သူများအနေဖြင့် ရွံရှာစက်ဆုပ်လျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေ နှင့်အညီ ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)