လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းမည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းမည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး



MNP ၊ စက်တင်ဘာ ၁၉

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ကော်မတီဝင်များ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးမြေများ သုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရ မည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ (SOP)ရေးဆွဲပြုစုရေး နေပြည်တော်ကောင်စီလုပ်ငန်း ကော်မတီအနေဖြင့် စိုက်ပျိုးရေးအခြေခံသောမိမိတို့ နိုင်ငံတွင် လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေးအတွက် တည်ဆဲလယ်ယာမြေဥပဒေများကို မျက်ကွယ်ပြုပြီး လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ/ရွာမြေကဲ့သို့ အခိုင်အမာနေအိမ်များ ဆောက်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်းများ ပြုလုပ်နေကြသည့်အတွက် ဥပဒေမဲ့ကျူးလွန် လုပ်ဆောင်နေမှုများကို စနစ်တကျ လေ့လာဆန်းစစ်ပြီး မှန်ကန်ရိုးသားစွာ လုပ်ဆောင်ကြသည့် ပြည်သူများ နစ်နာမှုမရှိစေရေး ပြဋ္ဌာန်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်စိစစ်ပြီး ဦးစီးကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီလုပ်ငန်း ကော်မတီတွဲဖက်အတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးက လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း(Standard Operating Procedure - SOP) ရေးဆွဲပြုစုရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ဌာနအသီးသီးမှ လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံများဆောက်လုပ်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း(SOP)များ ရေးဆွဲနိုင်ရေးနှင့် မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံများ တည်ဆောက်သည့်နေရာ၌ စည်းမျဉ်းစည်းကမ်းများ (SOP)များ ရေးဆွဲသွားရန်နှင့် နောက်ပိုင်းတွင် အဆိုပါ SOP များကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွက် မြို့ပြစီမံကိန်းကို စနစ်တကျရေးဆွဲ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းပုံစံ၊ အထပ်အမြင့်ဆိုင်ရာ ကန့်သတ်ချက်၊ အဆောက်အအုံအမြင့် ကန့်သတ်ချက် စသည့်အချက်များကို စည်းမျဉ်းစည်းကမ်း(SOP)များ ရေးဆွဲနိုင်ရေး ပညာရှင်များနှင့်ညှိနှိုင်းပြီး အဘက်ဘက်က ဆွေးနွေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နေပြည်တော်အတွက် မြို့ပြစီမံကိန်းရေးဆွဲသည့် နေရာတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ Green City၊ Clean City၊ Smart City ဖြစ်စေရေး ဦးတည်ရေးဆွဲရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး နေချင်စဖွယ်ကောင်းသည့် မြို့တော်ဖြစ်လာစေရေး ဦးတည်ရေးဆွဲကြရမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)