MNP ၊ စက်တင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဦးကိုကိုလွင်တို့သည် မှတ်ပုံတင် ခွင့်ပြုပြီးဖြစ်သော ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (Karen National Democratic Party)၊ ချင်းပြည်နယ်အခြေစိုက် ခူမီးအမျိုးသားပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party(S.S.P)]၊ နာဂအမျိုးသားပါတီ [Naga National Party(NNP)]၊ မွန်ပြည်နယ် အခြေစိုက်အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP)နှင့် ရှမ်းပြည်နယ်အခြေစိုက် “ဝ”အမျိုးသားပါတီ (WA NATIONAL PARTY)တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဦးကိုကိုလွင်တို့က မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရသတ်မှတ်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း စုစည်းရမည့် ပါတီဝင် အင်အားပြည့်မီအောင် စုဆောင်းရေးနှင့် ရက်ပေါင်း ၁၈၀ အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ် ပါတီရုံးများဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနများမှ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများ ဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ မြို့နယ်ပါတီ ရုံးများဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့က ပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ပါတီအလံနှင့်ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန်၊ ပါတီ၏ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်ရန်။
ပါတီဝင်အင်အားစာရင်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ Member Lists of Political Parties Scrutinizer System (MLPPS) Software စသည်တို့ဖြင့် စစ်ဆေးလျက်ရှိသောကြောင့် စည်းရုံးရရှိထားသော ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ တင်ပြသွားရန်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဈ)တွင် “အခြားနိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင်မဟုတ်ခြင်း”ဖြစ်သူကို ပါတီဝင်အဖြစ် စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ ငယ်(၈)တွင် “ပုဒ်မ ၁၀ ပါ အချက်တစ်ရပ်ရပ်နှင့် ကိုက်ညီခြင်းမရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားရှိခြင်း” ရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထား၍ ပါတီများအနေဖြင့် ဥပဒေများနှင့်အညီ ပါတီဝင်အင်အားစာရင်းအား စိစစ်တင်ပြသွားရန်၊ ပါတီဝင်များကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးလဲလှယ်နိုင်ရေးနှင့် အချက်အလက်မှားယွင်းကွဲလွဲမှုများရှိက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်း ပိုမိုရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် ပြင်ဆင်တည်ဆောက်ထားကြရန်၊ ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် လာမည့်ရွေးကောက်ပွဲတွင် MEVM (Myanmar Electronic Voting Machine) စက်ဖြင့် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
#MyanmarNationalPost
No comments:
Post a Comment