ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)မှ ရခိုင်ပြည်နယ် တာဝန်ခံအားလက်ခံတွေ့ဆုံ၊ လုပ်ထုံးလုပ်နည်းစံနှုန်း SOP ရေးဆွဲပြုစုရေး ပြည်နယ်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)မှ ရခိုင်ပြည်နယ် တာဝန်ခံအားလက်ခံတွေ့ဆုံ၊ လုပ်ထုံးလုပ်နည်းစံနှုန်း SOP ရေးဆွဲပြုစုရေး ပြည်နယ်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်





MNP ၊  စက်တင်ဘာ  ၈

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)မှ ရခိုင်ပြည်နယ်တာဝန်ခံ Ms. Juliet Akello အားလက်ခံတွေ့ဆုံပြီး လယ်ယာမြေကိုအခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောက်ထပ် မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure - SOP) ရေးဆွဲပြုစုရေး ပြည်နယ်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) တက်ရောက်သည်။


ဦးစွာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)မှ ရခိုင်ပြည်နယ်တာဝန်ခံ Ms. Juliet Akello နှင့်တွေ့ဆုံစဉ် ရေနှင့်သန့်ရှင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှု၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ကူညီဆောင်ရွက်နိုင်ရေး၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရေး၊ မျှတစွာကူညီဆောင်ရွက်နိုင်ရေးနှင့် ခရီးသွားလာခွင့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။


နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောက်ထပ်မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure - SOP) ရေးဆွဲပြုစုရေး ပြည်နယ်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) တက်ရောက်ကြသည်။


ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ထုံးလုပ်နည်း စံနှုန်းရေးဆွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်တွင် မြေဧရိယာစုစုပေါင်း ၉ ဒသမ ၀၈ ဧကသန်းရှိပြီး ပြည်နယ်အတွင်း မှီတင်းနေထိုင်သူလူဦးရေ ၃ ဒသမ ၃ သန်းကျော်ရှိကြောင်း၊ မြို့မြေ၊ ရွာမြေဧက ၅၆၆၅၇ ဧကသာရှိသည့်အတွက် အသုံးပြုမြေများနှင့် လူဦးရေကိုက်ညီမှု မရှိသောကြောင့် လယ်မြေ၊ယာမြေနှင့်အခြားသော မြေအမျိုးမျိုးတို့မှာ ခွင့်ပြုချက်ဖြင့်ဖြစ်စေ၊ ခွင့်ပြုမဲ့ဖြစ်စေ အခြားနည်းအသုံးပြုမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများအတွက် စနစ်ကျပြီးနိုင်ငံတော်အတွက် ထိရောက်အကျိုးရှိမည့် လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure - SOP)များကို အားလုံးကဝိုင်းဝန်း ပူးပေါင်းအကောင်အထည်ဖော် ရေးဆွဲကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာထုတ်ပြန်၍ စနစ်တကျဖွဲ့စည်းပေးထားသည့် ကော်မတီဝင်များအနေဖြင့် လိုအပ်သောလုပ်ထုံးလုပ်နည်း၊ စံနှုန်းရေးဆွဲရာတွင် ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ပြီး ပြည့်ပြည့်စုံစုံရေးဆွဲကြ ရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ခရိုင်များအနေဖြင့်လည်း မိမိခရိုင်အတွင်း နယ်မြေဒေသအခြေအနေနှင့်ကိုက်ညီပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းနိုင်မည့် အခြေအနေကိုဦးတည်၍ မိမိတို့ဖြတ်သန်းလာရသော အတွေ့အကြုံများ၊ မိမိတို့ဌာန၏ရှုထောင့်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ရခိုင်ပြည်နယ်အတွက် သင့်လျော်ကောင်းမွန်သော လုပ်ထုံးလုပ်နည်း၊ စံနှုန်းထွက်ပေါ်လာရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။


ထို့နောက် ပြည်နယ်လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောက်ထပ်မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း SOP ရေးဆွဲပြုစုရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြပြီး တွဲဖက်အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးဝင်းက (Standard Operating Procedure - SOP) ရေးဆွဲပြုစုရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များက (Standard Operating Procedure - SOP) ရေးဆွဲပြုစုရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ Video Conference စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ ခရိုင်အလိုက်(Standard Operating Procedure - SOP) ရေးဆွဲပြုစုရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပံ့ပိုးခဲ့ကြသည့် MPT ၊ Mytel ၊ATON ၊ooredoo ဆက်သွယ်ရေးအိုပရေတာများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဂုဏ်ပြုစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)