MNP ၊ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ်(၄/၂၃)နှင့် ဒုတိယနှစ် (၂/၂၂) သင်တန်းသား၊ သင်တန်းသူများ ကြိုဆိုပွဲကိုပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့် အတူ တက်ရောက်၍ ကြိုဆိုဂုဏ်ပြု အားပေးစကားများပြောကြားခဲ့သည်။
ဦးစွာ ကြိုဆိုပွဲအခမ်းအနားကို သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက“ ကြိုဆို လက်ကမ်းကံ့ကော်တန်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍတွင် အားကိုးအားထားရသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိတို့ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများကိုအခြေခံ၍ ဘာသာရပ်များအား ခေတ်နှင့် လျော်ညီစွာ လေ့လာသင်ယူ၍ ပြန်လည်သင်ကြားပေးလျက်ရှိနေပါကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါ ကြောင်းနှင့် ဆရာ၊ ဆရာမများသည် ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသား ကြီးများ ဖြစ်ပါကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ မိဘများက မိမိတို့၏ သားသမီးများအပေါ် မျှော်မှန်းချက်များထားရှိသကဲ့သို့ ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့တပည့် သားသမီးများအား ပညာရေးမြင့်သထက်မြင့်၍ ထူးချွန်ထက်မြက်သူများဖြစ်အောင် ရည်မှန်းသင်ကြား နေသူများ လည်းဖြစ်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်ပေါင်းမြောက်များစွာ မွေးထုတ်ပေးလျက်ရှိရာ တပည့်များ၏ စံနမူနာပြများဖြစ်ကြပါ ကြောင်း၊ ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက်လည်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွား ကြရန်လည်း လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် တပည့်ကောင်းများပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးရန်လိုပါကြောင်း၊ စနစ်သစ် Grade-12 တွင် မိမိတို့၏တပည့်များ ထူးထူးချွန်ချွန်ဖြင့် ရာနှုန်းပြည့်အောင်မြင်စေရေး အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုပါ ကြောင်း” ကြိုဆို ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ ပုသိမ်ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူ ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ ပထမနှစ် (၄/၂၃)နှင့် ဒုတိယနှစ်(၂/၂၂)သင်တန်းသို့ တက်ရောက် လာသည့် ဘာသာရပ်အလိုက် ဆရာမ များ စာရင်းအားတင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်သည် ဆရာ၊ ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ခဲ့ သည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ B.Ed စာပေးစာယူ သင်တန်း အမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူ (၃၇၈)ဦး၊ (၂/၂၂)ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူ(၃၈၁)ဦး၊ စုစုပေါင်း(၇၅၉)ဦး သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost
No comments:
Post a Comment