MNP ၊ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ်သက်ရောက်မှုများအား ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ခရမ်းမြို့နယ် အထက်ခမတ်ကျေးရွာရှိ ဘုန်းတော်ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ခရမ်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစုစုလှဝင်းက အယ်လ်နီညိုကျရောက်မှုကြောင့် မွေးမြူရေးလုပ်ငန်းတွင် သက်ရောက်မှုအဖြစ် တိရစ္ဆာန်အစာရေစာများရှားပါးလာခြင်း၊ ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ တိရစ္ဆာန်များတွင် ထုတ်လုပ်မှုကျဆင်းလာခြင်း၊ ဇီဝကမ္မဗေဒဆိုင်ရာဆိုးကျိုးမှုများဖြစ်လာနိုင်ခြင်း၊ မျိုးပွားထုတ်လုပ်မှုကျဆင်းလာခြင်း၊ အစာမှအသားပြောင်းနှုန်းညံ့ဖျင်းလာခြင်း၊ ကူးစက်ရောဂါများ၊ အဆိပ်အတောက်ဖြစ်မှုများမကြာခဏဖြစ်ပွားခြင်းနှင့် အသက်ဆုံးရှုံးမှုများကြုံရနိုင်ကြောင်းစသည်တို့ကို ကြိုတင်ကာကွယ်နိုင်ရေး မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခွေးရူးပြန်ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ကျန်ရှိသောကျေးရွာများကိုလည်း အသိပညာပေးလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သတင်းရရှိသည်။
ကိုမင်း ( ခရမ်း )
https://t.me/MyanmarNationalPost
No comments:
Post a Comment