MNP ၊ အောက်တိုဘာ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင် အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို မိုးညှင်းခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည်။
ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းအရေအတွက်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ အကြီးစား (၂၂)ခု၊ အလတ်စား (၅၀)နှင့် အငယ်စား (၇၅၁)ခု စုစုပေါင်း (၈၂၃)ခုတို့ မှတ်ပုံတင်ထားကြောင်း ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ မှတ်ပုံတင်ထားသည့် လုပ်ငန်းများမှ မိုးညှင်းဒေသတွင် သဘာဝအလျောက် ပေါက်ရောက်ပြီး ငါးပေါက်သီးမှ တစ်ဆင့် ငါးပေါက်ယို လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို “မွှေးမွေးခင်” ငါးပေါက်သီးယိုလုပ်ငန်းရှင် တစ်ဦးနှင့် တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြလိုက်ရပါသည်-
မေး။ လုပ်ငန်းစတင်လည်ပတ်မှုနဲ့ ယခုလက်ရှိအခြေအနေများကို ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ကျွန်မတို့ ငါးပေါက်ယိုလုပ်ငန်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ လုပ်ဆောင်ခဲ့ပါတယ်။ ယခုဆို လုပ်ငန်းစတင် ဆောင်ရွက်ခဲ့တာ ၁၃ နှစ်ထိ ရှိလာခဲ့ပါပြီ။ လုပ်ငန်းစတင်လည်မှု အခြေအနေကတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ စတင် ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့လတွေမှာဆိုရင် ငါးပေါက်သီးတွေ စပေါ်တဲ့အချိန်ပေါ့။ အဲ့ဒီအချိန်မှာ တစ်နှစ်စာအတွက် ငါးပေါက်သီး ကုန်ကြမ်းရှာ စုဆောင်းရပါတယ်။ ငါးပေါက်သီးကုန်ကြမ်းရပြီဆိုရင် ငါးပေါက်ဆံလေး တွေ ခြောက်ပြီး ချောင်သွားအောင် နေပူလှန်းပေး ရပါတယ်။ မိုးရွာတဲ့အခါဆိုရင် မိုးမမိအောင် ပြန်သိမ်း၊ နေပူရင် ပြန်လှန်းပေးရပါတယ်။ ငါးပေါက်ဆံလေးတွေခြောက်ပြီး ချောင်သွားပြီဆိုရင် တော့ ငါးပေါက်သီးကို ခေါက်ပြီး ငါးပေါက်ဆံ ထုတ်ရပါတယ်။ ငါးပေါက်ဆံကို အဆံချည်ပဲ ပါကင်ထုတ်ပိုးပြီး ရောင်းချသလို အုန်းသီး၊ သကြား၊ ထောပတ်တို့နဲ့ ယိုထိုးပြီးလဲ ရောင်းချပါတယ်။ ငါးပေါက်သီးကို ကိုယ်တိုင်ထွင်ပြီး စားချင်သူတွေအတွက်လဲ နို့ဆီဘူး(သို့မဟုတ်) ပြည်တောင်းနဲ့ ချိန်ပြီး ရောင်းချပါတယ်။ ငါးပေါက်ယို ထိုးရတာကတော့ လူလဲပင်ပန်းသလို အဆင့်ဆင့် လုပ်ဆောင်ပုံတွေကလဲ များပါတယ်။
မေး။ တိုးချဲ့ထုတ်လုပ်နိုင်မှု အခြေအနေလေးကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ တိုးချဲ့ထုတ်လုပ်နိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး အခုလောလောဆယ်တော့ ဆိုင်ခွဲဖွင့်လှစ်ထားမှု မရှိသေးပါဘူး။ ရောင်းရမှု အခြေအနေပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး။ ပြင်ပ ပို့ကုန်တင်ပို့နိုင်မှု အခြေအနေလေးကို ပြောပြပေးပါဦးရှင့်။
ဖြေ။ ကျွန်မတို့ ပြင်ပထိတော့ တင်ပို့ရောင်းချနိုင်မှုတော့ မရှိသေးပေမယ့် ယခုလက်ရှိ အခြေအနေ မှာတော့ မိုးညှင်းဘူတာအရှေ့ဆိုင်ခန်းမှာ ဆိုင်ဖွင့်ထားပြီး ရောင်းချနေရာကနေ ရန်ကုန်၊ မန္တလေး နေပြည်တော်အပါအဝင် တခြားနယ်မြို့များကိုလည်း တင်ပို့ရောင်းချနေပါတယ်။
မေး။ ငါပေါက်ဆံစားခြင်း၏ အကျိုးကျေးဇူးများကိုလည်း ဆက်လက်ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ငါးပေါက်ဆံစားခြင်း၏ အကျိုးကျေးဇူးတွေများကတော့ လူခန္ဓာကိုယ်ရဲ့ ဦးနှောက်ကို အဓိက အကျိုးပြုတဲ့ အစားအစာဖြစ်ပါတယ်။ ငါးပေါက်ဆံ၊ ငါးပေါက်ယို စားခြင်းဖြင့် ဦးနှောက်ကို လန်းဆန်း စေပြီး ဦးနှောက်မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေတာကြောင့် ကလေးသူငယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ်များအပြင် လူကြီးများပါမကျန် အချိန်အခါမရွေး ရာသီမရွေး စားသုံးကြလျက်ရှိကြပါတယ်။
မေး။ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် ရည်ရွယ်ချက်များကို သိလိုပါတယ်ရှင့်။
ဖြေ။ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ရည်ရွယ်ချက်များကတော့ မြန်မာနိုင်ငံ နေရာအနှံအပြားမှာ ကျွန်မတို့ ငါးပေါက်သီး၊ ငါးပေါက်ဆံနှင့် ငါးပေါက်ယိုများ ဝယ်ယူစားသုံးနိုင်ဖို့ကို ပထမဆုံး လုပ်ဆောင်သွားပါမယ်။ ဒုတိယအနေနဲ့ကတော့ မန္တလေးမြို့မှာ ဆိုင်ခွဲဖွင့်လှစ် နိုင်ဖို့အတွက် ကျွန်မတို့ ရည်ရွယ်ထားပါတယ်။
မေး။ နည်းပညာရပ်များ ဖြန့်ဝေပေးနိုင်မှုကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ ဒီငါးပေါက်ယိုလုပ်ငန်းနဲ့ ပတ်သက်ပြီး နည်းပညာရပ်များအား ဖြန့်ဝေပေးနိုင်မှုအခြေအနေ မှာဆိုရင် ကျွန်မတို့ကတော့ ယခုလက်ရှိအခြေအနေမှာ နည်းပညာရပ်များ သင်ကြားပို့ချပေးနိုင်မှုတော့ မရှိသေးပါဘူးရှင့်။ နောက်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပူးပေါင်းပြီး နည်းပညာ သင်တန်းများနှင့် အရည်အသွေးများကို ပို၍ကောင်းမွန်အောင် သင်ကြားပြီး ဖြန့်ဝေပေးသွားဖို့ အတွက်တော့ စီစဉ်ဆောင်ရွက်ထားပါတယ်။
မေး။ ကျန်းမာရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ ဒေသထွက်ရှိတဲ့ ငါးပေါက်သီးကို ကုန်ကြမ်းကနေ ယိုထိုးပြီး ထုတ်ပိုးမှု အဆင့်ဆင့်ကနေ ကုန်ချောဖြစ်လာတဲ့အဆင့်အထိ သန့်ရှင်းလတ်ဆက်ပြီး ကျန်းမာရေးနဲ့လဲ ညီညွတ်အောင် အထူးဦးစားပေး ပြုလုပ်ထားတာဖြစ်လို့ ကျွန်မအစောကပြောခဲ့သလိုပဲ လူခန္ဓာကိုယ်ရဲ့ ဦးနှောက်ကို အဓိက အကျိုးပြုတဲ့ အစားအစာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
မေး။ ဆုတံဆိပ်ရရှိမှုအခြေအနေကို သိလိုပါတယ်ရှင့်။
ဖြေ။ ကျွန်မတို့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ဆုတံဆိပ်ရရှိမှုအခြေအနေမှာတော့ မရှိသေးပါဘူးရှင့်။ နိုင်ငံတကာ အရည်အသွေးပြည့်မီသည်အထိ လုပ်ဆောင်သွားဖို့အတွက် နည်းပညာရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး အကောင်းဆုံးထိ ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ပြပွဲပြသမှုအခြေအနေများကိုလည်း ဆက်လက်ပြောပြပေးပါဦးရှင့်။
ဖြေ။ ပြပွဲပြသမှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ (၂၀၂၃)ခုနှစ် မတ်လ (၁၇)ရက်မှ (၁၉)ရက် ထိ သုံးရက်တိုင်တိုင် နေပြည်တော်တွင် အသေးစားစက်မှုလက်မှုထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အပြင် MSME လုပ်ငန်းနဲ့ ပတ်သက်ပြီး အခြားသော နယ်များတွင်လည်း ဝင်ရောက်ပြသရောင်းချခဲ့ပါတယ်။ လူစိတ်ဝင်စားမှုတွေ များပြားခဲ့သလို ရောင်းအားတွေလဲ ကောင်းခဲ့ပါတယ်။
မေး။ ကုန်ကြမ်းနှင့် ဈေးကွက်အခြေအနေများလည်း သိလိုပါတယ်ရှင့်။
ဖြေ။ ကျွန်မတို့အနေနဲ့ကတော့ ငါးပေါက်သီးကုန်ကြမ်းဆိုတာမျိုးက တောထဲကနေ ရယူရတာ ဖြစ်တဲ့အတွက် ယခုအခြေအနေအရ အခက်အခဲလေးတွေ အနည်းငယ်တော့ရှိပါတယ်။ ဈေးကွက် အခြေအနေနဲ့ ပြောရမယ်ဆိုရင်လဲ ပစ္စည်းအဆင့်ဆင့်ကနေ ထုတ်လုပ်မှု အခြအနေနဲ့ ထုတ်ပိုးမှု ကုန်ကျစရိတ်တွေက ကြီးမြင့်လာတာနဲ့အမျှ စားသုံးသူတွေလဲ စိတ်ကျေနပ်မှုရှိစေမယ့် အခြေအနေ များနဲ့ စားသုံးရတဲ့ အရသာလဲ လျော့ကျမသွားအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ထုတ်လုပ်နေပါ တယ်။ ယခုလက်ရှိ ကျွန်မတို့ကလည်း လူတန်းစားအလိုက် ဝယ်ယူစားသုံးနိုင်အောင် အကောင်းဆုံး ကြိုးစားပြီး ထုတ်လုပ်ရောင်းချနေပါတယ်။
ဆက်လက်ပြီး ကျွန်မတို့အနေနဲ့ ငါးပေါက်ဆံကို ယိုထိုးပြီး ရောင်းချရုံသာမက ငါးပေါက်ဆံကြော်၊ ငါးပေါက်သီးလုံး၊ ချဉ်ဇော်ခါးသီးယိုလုပ်ငန်းနှင့် ရဲယိုသီးယိုလုပ်ငန်းစသည့် လုပ်ငန်းများကိုလည်း တွဲဖက်၍ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်ဟု ပြောကြားလိုပါတယ်ရှင့်။
သို့ဖြစ်ပါ၍ မိုးညှင်းခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက် ငါးပေါက်ယိုလုပ်ငန်းသည် မိသားစုအတွက် ဝင်ငွေများ တိုးပွားလာသည်သာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် လုပ်ငန်းဖြစ်သော ငါးပေါက်ယို လုပ်ငန်းများအကြောင်းကို ရေးသား တင်ပြလိုက်ရပါသည်။
တွေ့ဆုံမေးမြန်းသူ- နွယ်နွယ်အေး
https://t.me/MyanmarNationalPost
No comments:
Post a Comment