MNP ၊ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက် ၊ ယမန်နေ့ နံနက် ၇ နာရီက မကွေးမြသလွန်စေတီ တော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ မဟာဝိဇယရံသီ တန်ဆောင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့နှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး၊ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြသလွန်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး၊ မကွေးမြို့၊ ကန်ဦးရတနာကျောင်းတိုက် ပဓာနနာယက မြသလွန်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တသုမင်္ဂလ က သာသနာ့ အလံတော်ကို အလံတိုင်ထိပ်သို့ လွှင့်တင်ပေးတော်မူကာ ပင့်သံဃာအရှင်သူမြတ်များက ဇယန္တော(၂) ဂါထာတော်ကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။
ဆက်လက်၍ မြသလွန်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဦး က မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာ အခမ်းအနားဖွင့်လှစ်ကြောင်း ကျူးရင့်ပြီး ဂေါပအဖွဲ့မှ တာဝန်ရှိသူများက ကြေးစည် ၊ ခေါင်းလောင်း ၊ ထိုးစည် ၊ ဘားစည်(၂၄)ချက် တီးခတ်ပေးကာ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခမ်းအနား တက်ရောက်လာကြသူများက သာဓုအနု မောဒနာ(၃)ကြိမ် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ယင်းနောက် မကွေးမြို့၊ ကန်ဦးရတနာကျောင်းတိုက် ပဓာနနာယက မြသလွန်စေတီတော် ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် ပဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသ တရားတော်များကို ညီညာဖျဖျ ရွတ်ပွား သရဇ္ဈာယ်တော် မူခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
မကွေးမြို့၏ ရှေးဟောင်းသမိုင်းဝင် မကွေးမြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်နေ့ထိ (၂၄-၁၀-၂၀၂၃) မှ(၁၂-၁၁-၂၀၂၃)ရက်နေ့အထိ (၂၀)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် လျက်ရှိရာ ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇနိယပွဲတော်အား မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး ၊ လူသုံးကုန်စ္စည်းများနှင့် တောင်သူသုံးပစ္စည်းအမျိုးမျိုး ၊ ပရိဘောဂ ပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက် ကုန်ပစ္စည်းအမျိုးမျိုး စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၆၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချသွားမည်ဖြစ်ကာ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို နိုင်ရေးအတွက် မြသလွန်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ အခမဲ့ နားနေဆောင်များ စီစဉ်ထားရှိကြောင်း သိရသည်။
ထို့အပြင် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများမှ သံဃာအပါး ၁၅၀၀ အား ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉၀၀၀ ၊ နံသာ ၉၀၀၀ ၊ ပန်း ၉၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment