ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းပြ(ငြိမ်း) ဆရာကြီး ဦးခင်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းပြ(ငြိမ်း) ဆရာကြီး ဦးခင်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း



MNP ၊ အောက်တိုဘာ  ၅

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြောင်းမြမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ လုပ်သက်နှစ် ၃၀ ကျော်ဖြင့် သက်ပြည့်အငြိမ်းစားခံစားနေသည့် အထက်တန်းပြ ဆရာကြီး ဦးခင်စိုးအား မြောင်းမြခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက  သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။


မေး။ ။ မင်္ဂလာပါ ဆရာကြီးရှင့်။ ဆရာကြီးရဲ့အမည်နဲ့ ပညာရေးဌာနမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ခုနှစ်နဲ့ ကျောင်းအမည် သိပါရစေရှင်။


ဖြေ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ ဆရာ့နာမည် ဦးခင်စိုးပါ။ ၁၉၇၂ ခုနှစ် ဘိုကလေးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှာ အထက်တန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


မေး။ ။ ဆရာကြီး စတင်တာဝန်ထမ်းဆောင်တဲ့ အချိန်ကစပြီး အငြိမ်းစားယူတဲ့အချိန်အထိ  တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးအဆင့်ဆင့်ကို ပြောပြပေးပါဦးရှင်။


ဖြေ။ ။ ဘိုကလေး အ.ထ.က(၂)မှာ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ အထက်တန်းပြဆရာအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်မှ သက်ပြည့်ပင်စင်ယူတဲ့ ၂၀၀၂ ခုနှစ်အထိ မြောင်းမြမြို့ အ.ထ.က (၁) မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


မေး။ ။ ဆရာကြီးရှင့် ယနေ့ခေတ်ပညာရေးနှင့် ဆရာများရဲ့ အခန်းကဏ္ဍကို ပြောပြပေးပါဦးရှင်။


ဖြေ။ ။ နိုင်ငံတော်ကချမှတ်ထားတဲ့ လူမှုရေးဦးတည်ချက် အမှတ်စဉ်(ဂ)မှာဆိုရင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေးဆိုပြီး ပါရှိပါတယ်။ တိုင်းပြည်တစ်ခုကိုဖွံ့ဖြိုးစေချင်ရင် လူငယ်တွေရဲ့ လုပ်အားအရင်းအမြစ်က အများကြီးအရေးကြီးပါတယ်။ လူငယ်တွေပညာတတ်မှ လူငယ်တွေ အသိဉာဏ်ဖွံ့ဖြိုးမှ သူတို့ရဲ့လုပ်အားကိုမှီပြီး တိုင်းပြည်ကဖွံ့ဖြိုးမှာဖြစ်တယ်။ ဆရာတွေအနေနဲ့ ကျောင်းသားတွေကို သင်ကြားရာမှာ ဆရာဆိုတဲ့ ပုဂ္ဂိုလ်များဟာဆိုရင် တပည့်များကို လောကမှာ မကျန်ရစ်သူတွေဖြစ်အောင်၊ အချန်ထားခံရတဲ့ သူများမဖြစ်အောင်၊ ပညာဉာဏ် ကြန်အင်္ဂါလက္ခဏာနှင့် ပြည့်စုံတဲ့လူရည်ချွန် လူရည်မွန်တွေ ဖြစ်လာအောင် ဆရာများမှ သွန်သင်ဆုံးမ လမ်းညွှန်ပြသရပါမယ်။ ယနေ့မှာဆိုရင် သင်ရိုညွှန်းတန်းအသစ်တွေနဲ့ ဆရာတွေသင်ရမယ်။ ဒီသင်ရိုးညွှန်းတန်းတွေကို ကျွမ်းကျင်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။  တပည့်တွေကို သင်ကြားပေးရင်း  မိမိကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးကို နိုင်ငံတကာအဆင့်မီအောင် တိုးတက်မြင့်မားလာစေဖို့ဆိုရင် ဆရာဆရာမများကိုယ်တိုင် အသိပညာအတတ်ပညာ ကြွယ်ဝဖို့လိုပါတယ်။ ဆရာများအနေနဲ့ ကြိုးစားလေ့လာ ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။


မေး။ ။ ဆရာကြီးရှင့် လူငယ်တွေအနေနဲ့ ပညာရေးအရေးပါပုံအကြောင်းကို ပြောပြပေးပါဦီးရှင်။


ဖြေ။ ။ လူငယ်တွေအနေနဲ့ ပညာရေးဟာ အလွန်ပဲအရေးပါပါတယ်။  တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူငယ်တွေရဲ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးက ပဓာနကျလှပါတယ်။ လူငယ်တွေရဲ့အသိပညာ အတတ်ပညာတွေသည် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေရမှာ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ငယ်စဉ်မှာ ပညာကိုအဓိကထား သင်ကြားရပါမယ်။ လူ့လောကလက်တွေ့နယ်ပယ်မှာ မိမိတို့ပညာကို အသုံးချပြီး၊ အတွေ့အကြုံများရယူ၍ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လည်း ပညာရေးကို အားထားပြီး ဆောင်ရွက်နေပါတယ်။ ဒီနေ့ပညာရေးလောကမှာ KG အတန်းကနေ GRADE 9 အထိ မသင်မနေရ ပညာရေးဆိုပြီး သတ်မှတ်ထားရာ အဲဒီကနေ တကယ်လို့များ ဆက်လက်ပြီး ပညာမသင်ကြားနိုင် ကျောင်းမတတ်နိုင်ဘူးဆိုရင် စိုက်ပျိုးရေးမွေးမြူရေး စက်မှုကျောင်းတွေမှာ တက်နိုင်တယ်ဆိုပြီး  ဖွင့်ပေးထားတယ်။ အဲဒီကနေတက်ပြီး ထူးချွန်စွာအောင်သွားတဲ့ကလေးကဆိုရင် သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ် ဆက်တက်လို့ရတယ်။ အများနည်းတူ ဘွဲ့တွေရနိုင်တယ်။   အလယ်အလတ်အောင်တဲ့သူဆိုရင် အစိုးရရဲ့ နည်းပညာကောလိပ်တို့ စက်မှုလက်မှုကျောင်းတို့ ဆက်တက်နိုင်မယ်။  ရိုးရိုးပဲအောင်မယ်ဆိုရင်  အစိုးရရဲ့လုပ်ငန်းခွင့်ပဲဝင်ဝင် ကိုယ်တိုင်ကိုယ်ကျ လုပ်နိုင်တဲ့မွေးမြုရေးပဲလုပ်လုပ် အသေးစားစက်မှုလုပ်ငန်းပဲထောင်ထောင် လုပ်လို့ရတယ်။  ဒီနေ့လူငယ်တွေအနေနဲ့  ကိုယ်သိချင် ကိုယ်တတ်ချင်တဲ့ ကိုယ်ဝါသနာပါတဲ့လိုင်းကို ထိထိမိမိ ကြိုးစားပြီး ဆောင်ရွက်ဖို့လိုပါတယ်။


မေး။   ။ ဆရာတွေအနေနဲ့ တပည့်တွေအပေါ်မှာ ထားရှိရမယ့် စိတ်ဓာတ်နဲ့ ဆရာနဲ့တပည့်ကြား ထားရှိသင့်တဲ့ ဆက်ဆံရေးကို ဆရာကြီးအမြင် ပြောပြပေးပါဦးရှင်။


ဖြေ။    ။ ဆရာများအနေနဲ့ တပည့်တွေအပေါ်မှာ မသိတာကိုသိအောင်၊ မတတ်တာကိုတတ်အောင်၊ မလိမ္မာတာကို လိမ္မာအောင် ပညာဉာဏ်ပွင့်လင်းအောင် ဆွဲတင်မြှင့်တင်ပေးတဲ့ သူတွေဖြစ်ရပါမယ်။ ဆရာတွေအနေနဲ့ တပည့်တွေကို ဗလငါးတန်ဖွံ့ဖြိုတိုးတက်ဖို့ ဆောင်ရွက်ပြီး  ကိုယ်ကိုယ်တိုင်လည်း လေ့လာကြိုးစားသင့်တယ်လို့ ယူဆပါတယ်။ တပည့်တွေသည် ဆရာတွေရဲ့ သားလည်းဖြစ်သလို တပည့်လည်းဖြစ်ပါတယ်။ သူတို့လိမ္မာရေးခြားအောင်၊ လမ်းမှားမရောက်အောင်၊ ပညာတတ်မြောက်အောင် ဆရာတွေက သင်ပေးရမယ်။ မြန်မာယဉ်ကျေးမှုကိုက ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့ စကားရှိရာ တပည့် အမှားမဖြစ်အောင် ဆရာတွေက လမ်းညွှန်ဆုံးမဖို့ရာ ဆရာတွေမှာ တာဝန်ရှိပါတယ်။ တာဝန်ရှိတဲ့ ဆရာတွေကိုယ်တိုင် အမှားအယွင်းကင်းအောင် လမ်းပြကြယ်တစ်ယောက်ဖြစ်အောင် ကြိုးစား ဆောင်ရွက် မယ်ဆိုရင်  တပည့်တွေဟာဆိုရင် ဆရာရဲ့သွန်သင်ဆုံးမမှုအောက်မှာ ထွန်းတောက်လာမှာပါ။ ဆရာကန်တော့ပွဲတွေ ကျင်းပတဲ့အခါမှာလည်း  ဆရာတွေရဲ့ကျေးဇူးကို သိတတ်တဲ့ပုံစံနဲ့ ကန်တော့တာဖြစ်၍ ဆရာနဲ့တပည့် အပြန်အလှန် ချစ်ခင်လေးစား ကျေးဇူးပြုနေတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။


မေး။   ။ အောက်တိုဘာ ၅ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဆရာများနေ့အတွက် အမှတ်တရ စကားပြောပြပေးပါဦီးရှင်။


ဖြေ။ ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)နှင့် ကုလသမဂ္ဂပညာရေးနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)တို့က ဆရာဆရာများရဲ့ ဘဝအနေအထားအပေါ် အကြံပြုချက်တို့ကို လိုက်နာကျင့်သုံးသည့် အထိမ်းအမှတ်အဖြစ် ၁၉၉၄ ခုနှစ်မှစ၍ နှစ်စဉ်အောက်တိုဘာခ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ကမ္ဘာတစ်ဝှမ်းသတ်မှတ် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့ဆရာများနေ့ကို ပညာရေးဝန်ကြီးဌာနက ဦးစီး၍ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်မှာ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ နိုင်ငံတော်အဆင့်ဖြင့် စတင်ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဆရာဆရာမမျာအပေါ်မှာဆိုရင် ရိုသေလေးစားမှုရှိပြီး အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းက ယဉ်ကျေးမှုတစ်ရက်အနေဖြစ် သတ်မှတ်ထားပါတယ်။ ဆရာတွေအ‌နေနဲ့လည်း တပည့်တွေအပေါ် စေတနာအရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်တွေကို ရင်ဝယ်သားကဲ့သို့ သဘောထားပြီး ဆရာကျင့်ဝတ်နှင့်အညီ သင်ကြားနေကြသူများ ဖြစ်ပါတယ်။ တပည့်တွေကလည်း ဆရာတွေသင်တေပးလိုက်တဲ့ ပညာတွေလမ်းညွှန်မှုတွေနဲ့ ကိုယ့်ဘဝကို လှပအောင်လုပ်နိုင်တဲ့အချိန်မှာ မိမိကိုပညာသင်ပေးတဲ့ဆရာတွေကိုမမေ့ဘဲ အာစရိယပူဇော်ပွဲတွေ ကျင်းပနေပါတယ်။ တပည့်များအနေဖြင့်က ဆရာကျေးဇူးကို မမေ့သောအားဖြင့် အာစရိယပူဇော်ပွဲတွေ ကျင်းပနေတာကလည်း ကောင်းမွန်တဲ့ အစဉ်အလာတစ်ရပ်ဖြစ်ပါတယ်လို့ ယူဆပါတယ်။


ဟုတ်ကဲ့ပါရှင်။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူးကျေးဇူးတင်ပါတယ်ရှင်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)