MNP ၊ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် က ကျောင်းသား၊ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန် ဖွံ့ဖြိုးရမည်ဖြစ်ကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးသည် လူသားတိုင်းအတွက်လိုအပ်ချက်ဖြစ်သဖြင့် ပညာရှာမှီး ရင်း ဗလငါးတန်ဖွံ့ဖြိုးရန် ပြုစုပျိုးထောင် အားထုတ်ရမည်ဖြစ်ပါကြောင်းနှင့် လူငယ်စကားဝိုင်း ကျင်းပရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ပါဝင်ဆောင် ရွက်ကာ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းမှ Grade - 8 ကျောင်းသား မောင်ဘုန်းမြတ်လူ က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 8 ကျောင်းသား မောင်မင်းမောင်မောင်စိုး က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9 ကျောင်းသူ မဖူးပြည့်သွယ် က “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9 ကျောင်းသူ မခင်စိုးစိုးအောင် က “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လူငယ်စကားဝိုင်းတွင်ပါဝင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ပါရှိသော နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ် ဓာတ်ပုံများနှင့် စာအုပ်စာစောင်များတို့အား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost







No comments:
Post a Comment