MNP ၊ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ပဆင-ခရိုင်ဘော်-တမံကြီးလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဖျာပုံ-အပြောင်-ကျီးနှစ်ပင်လမ်းပေါ်ရှိ အပြောင်ချောင်းကူး ကွန်ကရစ်တံတား ဆောင်ရွက်နေမှုကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကို၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ် လင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းအား ဖျာပုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Value Myanmar Holding Co.Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပဆင-ခရိုင်ဘော်-တမံကြီးလမ်း ကွန်ကရစ်လမ်းခင်းခြင်း အရှည် (၀/၄ ဒသမ ၅)မိုင်၊ အကျယ် (၁၂)ပေ၊ အမြင့် (၇) လက်မ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော ဖျာပုံ-အပြောင်-ကျီးနှစ်ပင် လမ်းပေါ်ရှိ အပြောင် ချောင်းကူးတံတား အရှည် (၁၂၀)ပေ၊အကျယ် (၂၀)ပေရှိ ကွန်ကရစ် တံတား တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာ (၄)ရွာ၊ အိမ်ခြေ (၉၄၈)အိမ်၊ လူဦးရေ (၄၄၃၇)ဦးနှင့် ကွန်ကရစ်တံတား ဆောင်ရွက် ပြီးစီးပါက အကျိုးပြုကျေးရွာ (၇)ရွာ၊ အိမ်ခြေ (၁၉၇၆)အိမ်၊ လူဦးရေ (၁၁၂၀၁)ဦး တို့အတွက် အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ် ကြောင်း သိရသည်။
အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment