ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ (ပထမအကြိမ်) စွမ်းအင်ဖိုရမ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ (ပထမအကြိမ်) စွမ်းအင်ဖိုရမ်တက်ရောက်




MNP ၊ အောက်တိုဘာ ၄

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံ Astana မြို့၌ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ပထမအကြိမ်) စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) သို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၃ ရက်တွင် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (ပထမအကြိမ်) စွမ်းအင်ဖိုရမ်၏ အကြိုဆွေးနွေးပွဲများသို့လည်းကောင်း၊ အောက်တိုဘာလ ၄ ရက်တွင် Kazakhstan Energy Week 2023 KazEnergy Eurasian Forum နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ပထမအကြိမ်) စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) တို့သို့လည်းကောင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြသည်။


အဆိုပါဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များစွာရှိကြောင်း၊ သို့သော်လည်း ထုတ်လုပ်နိုင်မှုတွင် အကန့်အသတ်များရှိနေကြောင်း၊ သို့ဖြစ်၍ "SCO" နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ပေါကြွယ်ဝသောကြောင့် လျှပ်စစ်ဓာတ်အားအများစုကို ရေအားလျှပ်စစ်မှထုတ်လုပ်ပါကြောင်း၊ ထို့ပြင် သဘာဝဓာတ်ငွေ့မှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်လက်ရှိကြောင်း၊ သို့သော်လည်း ရရှိနိုင်သောသဘာဝဓာတ်ငွေ့ပမာဏမှာ အကန့်အသတ်ရှိပါကြောင်း၊ ထို့ကြောင့် စွမ်းအင်အတွက် ကျောက်မီးသွေးနှင့် အခြားစွမ်းအင်အရင်းအမြစ်များအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဖြစ်အောင် ကြိုးစားနေပါကြောင်း၊ သို့ရာတွင် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များရှိနေသည့်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း။


မြန်မာနိုင်ငံ စွမ်းအင်မူဝါဒ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံအတွင်း ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်လုံခြုံရေးကို သေချာစေရန်ဖြစ်ကြောင်း၊ လက်ရှိစွမ်းအင်ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်စီမံကိန်းများ၊ အပူစွမ်းအင် (Geothermal) ဆိုင်ရာစီမံကိန်းများ၊ ဆိုလာ (Solar) စီမံကိန်းများရှိပါကြောင်း၊ ရုပ်ကြွင်းလောင်စာဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုး၍ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရင်းနှီးသောမိတ်ဘက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စွမ်းအင်လိုအပ်သော နိုင်ငံဖြစ်သောကြောင့် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါကြောင်း။


ယနေ့အချိန်တွင် စွမ်းအင်ကဏ္ဍအတွက် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး စည်းမျဉ်းဥပဒေဆိုင်ရာ စိန်ခေါ်မှုများ၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဖိအားများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို "SCO" သည် ၎င်း၏အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် ဒိုင်ယာလော့ခ် လုပ်ဖော်ကိုင်ဖက်များ၏ ခွန်အားများကို ပေါင်းစည်းခြင်းဖြင့် အဆိုပါ စိန်ခေါ်မှုများကို အောင်မြင်စွာကျော်လွှားနိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ယုံကြည်ပါကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေးနှင့် စိမ်းလန်းသောပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများအနေဖြင့် မတူကွဲပြားမှုများနှင့် ကွဲပြားသည့် အခြေအနေများပေါ်တွင်မူတည်၍ စွမ်းအင်အသွင်းကူးပြောင်းမှုများကို ဆောင်ရွက်နေခြင်းအပေါ်တွင် မျှတစွာရှူမြင်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် SCO အဖွဲ့ဝင်များနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးထူထောင်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို အထူးဂရုပြုမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း ကာဇက်စတန်သမ္မတနိုင်ငံ ကျောက်မီးသွေးထွက်ရှိရာ‌ဒေသဖြစ်သော Karaganda ၏ Deputy Governor Mr. Vadim Borisovich နှင့်လည်းကောင်း၊ ဓာတ်မြေသြဇာအများဆုံးထုတ်လပ်နေသော KazPhosphate ကုမ္ပဏီမှ Deputy Director General Mr. Gani Toksanbaev နှင့်လည်းကောင်း၊ KazMunayGas ကုမ္ပဏီမှ Strategy and Investment Director ဦးဆောင်သောအဖွဲ့နှင့်လည်းကောင်း စွမ်းအင်ဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) သည် ၂၀၀၁ ခုနှစ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ဦးဆောင်တည်ထောင်ခဲ့သော ယူရေးရှားဒေသ၏ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာလုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အစည်းဖြစ်ပြီး ပထဝီဝင်ဆိုင်ရာ နယ်နိမိတ်နှင့် လူဦးရေအရ ကမ္ဘာ့အကြီးဆုံး ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားသော အဖွဲ့အစည်းတစ်ရပ်ဖြစ် SCO သည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀၁၂ ခုနှစ်စာရင်းအရ ၎င်း၏စုစုပေါင်း GDP သည် ကမ္ဘာ့ GDP ၏ ၂၀ ရာခိုင်နှုန်း ခန့်ရှိ၍ အမြဲတမ်းအဖွဲ့ဝင် ၉ နိုင်ငံ၊ လေ့လာသူအဆင့် ၃ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံပါဝင်ကာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)