MNP ၊ အောက်တိုဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် သဘာဝကပေးသော သစ်တောထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဝါးလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ရှမ်းရိုးရာခဝါးခမောက်ထုတ်လုပ်နေမှုများနှင့်စပ်လျဉ်း၍ မိုးနဲမြို့နှင့် သုံးမိုင်ခန့်ကွာဝေးသော မိုက်ဟိုင်းကျေးရွာအုပ်စု၊ နမ့်မော်လေကျေးရွာနေ ဦးဝိစိတ္တနှင့်တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
မေး ။ ရှမ်းရိုးရာဝါးခမောက်ကို စတင်လုပ်ဖြစ်ခဲ့ပုံလေး ရှင်းပြပေးပါအုံးဗျာ။
ဖြေ ။ မိရိုးဖလာရိုးရာလက်မှုလုပ်ငန်းတစ်ခုလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အဘိုး၊ အဘွားတွေ၊ အဖေ အမေတွေ လက်ထက်က လက်ဆင့်ကမ်းလုပ်ကိုင်းခဲ့ကြလို့ ကျွန်တော်တို့လည်း ရိုးရာအမွေဖြစ်တဲ့ လက်မှပညာကို လက်ဆင့်ကမ်းထိန်းသိမ်းရင်းနဲ့ လုပ်ဖြစ်လာတာ အခုအချိန်ထိပါပဲခင်ဗျာ့။
မေး ။ ကုန်ကြမ်းတွေအတွက် ဘယ်လိုဝါးအမျိုးအစား တွေကိုစုဆောင်းရပါလဲဗျာ့ ။
ဖြေ ။ ကျွန်တော်တို့ ဝါးခမောက်အတွက်ကုန်ကြမ်းတွေကိုတော့ ကျေးရွာမှထွက်ရှိတဲ့ ဝါးပိုးဝါး၊ ဝါးဖက်နဲ့ နှီးဝါးတွေကို ကြိုတင်စုထားရပါတယ်၊ နှီးဝါးကိုတော့ ဝယ်ယူရပါတယ်၊ ဝါးရုံရှိတဲ့သူတွေကတော့ ကိုယ့်ခြံထဲကရပြီး မရှိတဲ့သူတွေကျတော့ ဝါးပိုးဝါးတစ်လုံးကို ၁၅၀၀ ကျပ်၊ နှီးဝါးတစ်လုံးကို ၁၀၀၀ ကျပ်နဲ့ဝယ်ယူစု ဆောင်းရပါတယ်ရပါတယ်။
မေး ။ ကျေးရွာနေ ပြည်သူများအများစုက ဝါးခမောက်လုပ်ငန်းကို အများဆုံး လုပ်ကိုင်တယ် လို့သိရပါတယ်၊ ရွာမှာ ဘယ်နှစ်ဦးလောက် ဝါးခမောက်လုပ်ငန်း လုပ်ကိုင်ကြပါသလဲ ပြောပြ ပေးပါအုံးဗျာ့ ။
ဖြေ ။ ဟုတ်ကဲ့ ကျွန်တော်တို့ နမ့်မော်လေကျေးရွာမှာ အိမ်ခြေ ၇၇ အိမ်ရှိပြီး အိမ်ခြေ ၃၀ လောက်က မိသားစု အပိုဝင်ငွေရရှိရေးအတွက် ဝါးခမောက်လုပ်ကိုင်ကြပြီး အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတာကတော့ ငါးအိမ်ရှိပါတယ်ခင်ဗျာ့။
မေး ။ ရှမ်းရိုးရာဝါးခမောက်အမျိုးအစားကို ဘယ်နှစ်မျိုးလောက်လုပ်ဖြစ်ပါလဲခင်ဗျာ့ ။
ဖြေ ။ ဝါးခမောက်အမျိူအစားကိုတော့ မိန်းကလေးဆောင်း၊ ယောကျာ်းလေးဆောင်းဆိုပြီး နှစ်မျိုးပြုလုပ်ပေမယ့် ဒီဇိုင်းပိုင်းအနေနဲ့ကတော့ ၈ မျိုးလောက် ပြုလုပ်ဖြစ်ပါတယ်။ ဘော်ကြယ်၊ ပန်းပွင့်၊ ဆေးရောင်တွေနဲ့ အလှဆင်ထားတာမျိုးတွေပါတယ်ဗျာ့။
မေး ။ ဝါးခမောက်အမျိုးအစားအလိုက် ရောင်းရတဲ့ဈေးလေးကိုလဲသိပါရစေခင်ဗျာ့။
မြေ ။ ကျွန်တော်တို့ ဝါးခမောက်အမျိုးအစားအလိုက် ရောင်းဈေး(သွင်းဈေးကတော့) ငွေကျပ် ၇၀၀ ကနေ ၇၀၀၀ ကျပ်အထိရှိပါတယ်၊ ကျွန်တော်တို့ မိသားစု သုံးဦးတစ်လုပ်မယ်ဆိုရင် ၇၀၀၀ ကျပ်တန် သုံးလုံးတော့ ပြီးပါတယ်ခင်ဗျာ့။
မေး ။ ဝါးခမောက်ပြုလုပ်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုထဲကိုပဲ ဆောင်ရွက်နေတာ လားပြောပြပေးပါအုံးဗျာ့။
ဖြေ ။ ကျွန်တော်တို့ရွာမှာတော့ များသောအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ မိသားစုစာဝတ် နေရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်နေပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ရင်း အားလပ်ချိန် မှာမနားဘဲ အချိန်ရရင် ရသလို ဝါးခမောက်ကို သူအပိုင်းအလိုက် ပြီးသလောက်လုပ်နေတာ ပါဗျာ့ ။
မေး ။ ဝါးခမောက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းဆောင်ရွက်နေသူတွေက စားဝတ်နေရေးအဆင်ပြေဖို့အတွက် ဘယ်လိုများလုပ်ကိုင်နေရလဲ ပြောပြပေးပါအုံးဗျာ့။
ဖြေ ။ ဟုတ်ကဲ့ ဥပမာတစ်ခုအနေနဲ့ ငွေကျပ် ငါးသိန်းကို တစ်နှစ်ပတ်လုံး မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေနိုင်ပါဘူးခင်ဗျာ့၊ ဒီငွေကို ဝါးခမောက်လုပ်ကိုင်ရန်အတွက် ရင်းနှီးထားမယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်နှစ်ပတ်လုံး လည်ပတ်ရင်း စာဝတ်နေရေးအတွက် အဆင်ပြေတယ်၊ လုံလောက်ပါတယ်ဗျာ့။
မေး ။ ဒီဝါးခမောက်လုပ်ငန်းက မိရိုးဖလာလုပ်ကိုင်ဆောင်ရွက်လာတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် လက်ဆင့်ကမ်း ဆက်လက်လုပ်ဆောင်ဖို့ကို ဘယ်လိုများ အစီအစဉ် ထားရှိပါလဲခင်ဗျာ့။
ဖြေ ။ ကျွန်တော်တို့က မိသားစုအလိုက်ဒီလုပ်ငန်းတွေကို လုပ်ကိုင်လာတဲ့အတွက် ကျွန်တော် တို့ရဲ့ သား/သမီးတွေကလဲ ကျောင်းအားလပ်ရက်တွေမှာ မိဘတွေလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်ပေးနေတာကြောင့် အစအဆုံး သိနေပြီးသားဖြစ်တဲ့ သူတို့တွေအနေနဲ့ ဆက်လက်လုပ်ကိုင်ဖို့နဲ့ မိဘများလက်ထက်ကထက်ပိုပြီး ဆန်းသစ်တီထွင် ဖန်တီးလုပ်ဆောင်သွားဖို့တော့ လိုအပ်ပါတယ်ခင်ဗျာ့။
မေး ။ ဝါးကနေ ခမောက်အနားကွင်းလေးတွေဖြစ်အောင် လုပ်ဆောင်ရပုံလေးကိုလည်း ရှင်းပြပေးပါအုံးဗျာ့ ။
ဖြေ ။ ကျွန်တော်တို့ ခမောက်အနားကွင်းလေးတွေဖြစ်အောင် အရင်ဆုံး ဝါးပိုးဝါးနဲ့ နှီးဝါး (ဒေသအခေါ်) ဝါးနှစ်မျိုးကို စတင်ခုတ်ယူရပါတယ်၊ ဝါးခုတ်တဲ့အချိန်မှာပဲ ဝါးကတ်တွေကိုပါ တစ်ချိန်တည်း စုဆောင်းရပါတယ်၊ ဝါးရပြီဆိုရင် သုံးရက်လောက်ကြာတဲ့အချိန်မှာ အချောင်းလေးတွေစိတ်ပြီး ကိုယ်ပြုလုပ်မဲ့ ခမောက်အရွယ်အစားအလိုက် အကြီး/အငယ်ခွေပါတယ်၊ ခွေပြီး ဝါးကွင်းလေးတွေကိုတော့ ချုပ်ပြီး သူ့ပုံစံကျအောင် ရေအေးတဲ့ နေရာမှာ ၁၅ ရက်မှ ၂၀ ရက်စိမ်ထားပြီး နှစ်လလောက်ကြာအောင် နေလှန်းထားရပါတယ် တစ်နှစ်ပတ်လုံး အသုံးပြုနိုင်ဖို့နဲ့ ပိုးမတက်အောင် ပူနွေးတဲ့နေရမှာ စနစ်တကျ သိမ်းထားရပါတယ်ခင်ဗျာ့။
မေး ။ ရိုးရာဝါးခမောက် ပြုလုပ်တဲ့နေရာမှာ အသုံးပြုရတဲ့ ပစ္စည်းလေးတွေကိုလည်း ပြောပြပေးပါအုံးဗျာ့။
ဖြေ ။ ဝါး ၊နှီးဝါး ၊ဝါးကတ် ၊ဓား၊ ဝါးညှပ်၊ အပ်၊ အပ်ချည်၊ ပျားဖယောင်း၊ သိုးမွေးချည်၊ ကပ်ကြေးနဲ့ အလှဆင်ပစ္စည်းအဖြစ် ဘော်ကြယ်တွေ၊အရောင်တင်ဆေးတွေ လိုအပ်ပါတယ်။
မေး ။ ခမောက်ပြုလုပ်ပုံလေးကိုလည်း ရှင်းပြပေးပါအုံးဗျာ။
ဖြေ ။ ကျွန်တော်တို့ ခမောက်ကို သူ့ပုံစံအရွယ်အစာကိုလိုက်ပြီးတော့ ဝါးကတ်တစ်ခုနဲ့ တစ်ခုစပ်ပြီး ညှပ်တံနဲ့ ညှပ်ထားရပါတယ်၊ အရွယ်အစားတိုင်းပြီး ကပ်ကြေးနဲညှပ်ပြီးရင် ချုပ်ယူရပါတယ်၊ ပြီးရင် အနားကွတ်တွေ ထည့်ရပါတယ်၊ အနားကွတ်ဖို့ ဝါးကွင်းတစ်စုံကိုအသုံးပြုရပြီး အပေါ်ဝါးကွင်းကတော့အထူ အောက်ဝါးကွင်း ကတော့အပါနဲ့ပါ ပြီးရင်ပူးကပ်သွားအောင် အပ်/အပ်ချည်နဲ့ချုပ်ယူရပါတယ်၊ ခမောက်ခေါင်အုပ်ကိုလဲ အသင့်ပြုလုပ်ပြီ ဒီအတိုင်းပဲ ချုပ်ရပါတယ်၊ အဲ့တာဆို ခမောက်အကြမ်းထည်ပြီးသွားပြီ ဒီမှာတော့ အကြမ်းထည်အတိုင်းပဲ ဈေးကွက်ကိုပို့တာများပါတယ်ခင်ဗျာ့။
မေး ။ အသင့်ပြုလုပ်ပြီး ဝါးခမောက်တွေကို ဈေးကွက်အနေနဲ့ ဘယ်မြို့တွေကို့ပို့ဆောင်ပါလဲ ပြောပြပေးစေချင်ပါတယ်ဗျာ့။
ဖြေ ။ ကျွန်တော်တို့ ဝါးခမောက်တွေကို အမျိုးအစားအလိုက် ၁၀ ချပ်တွဲ၊ ၂၅ ချပ်တွဲ၊ အချပ် ၅၀ တွဲ တွဲပြီး ဈေးကွက်တင်ရောင်းချပါတယ်၊ ဒီရွာမှာလဲ ဝယ်ယူတဲ့ ဒိုင်ရှိပါတယ်၊ ကျွန်တော်တို့ အများဆုံး ပို့ဆောင်နေတာ မြို့တော်တော်များပါတယ်၊ ကာလိ ၊ကွန်ဟိန်း ၊မိုင်းတုံ ၊မိုင်းဆတ် ၊လင်းခေး ၊မိုင်းပန် ၊ကလော ၊ အောင်ပန်းစတဲ့ မြို့တွေအထိ ဖြန့်ပါတယ်။
မေး ။ ရိုးရာဝါးခမောက်လုပ်ငန်းနဲ့ပတ်သက်ပြီး စကားလက်ဆောင်လေးပြောကြားပေးပါအုံးခင်ဗျာ့။
ဖြေ ။ ကျွန်တော်တို့ ကျေးရွာမှာရှိတဲ့ ဒေသထွက်သဘာဝပစ္စည်း ရိုးရာဝါးလက်မှု လက်မှုပညာနဲ့ ပုံဖော်ထားတဲ့ ဝါးခမောက်လေးများက ပေါ့ပါးပြီး နေဒဏ်/မိုးဒဏ်များကို ကာကွယ်ပေးနိုင်တဲ့အတွက် ပြည်တွင်းလက်မှုပစ္စည်းများကို အားပေးစေချင်ပါတယ်ခင်ဗျာ့။
ရှမ်းရိုးရာ ဝါးကမောက်အကြမ်းကို လယ်ထဲ၊ တောထဲ သွားတဲ့အခါမှာ ဆောင်းသွားလေ့ရှိပြီး ဝါးခမောက်အချော အလှများကို ဘုရားကျောင်းကန်၊ ပွဲလမ်းသဘင်တွေ သွားသောအခါများတွင် အများဆုံး အသုံးပြုလေ့ရှိကြောင်း တင်ပြအပ်ပါသည်။
မျိုးညွန့်ရွှေ
https://t.me/MyanmarNationalPost
No comments:
Post a Comment