ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၅)ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၅)ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားတက်ရောက်





MNP ၊ အောက်တိုဘာ ၁၃

တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၅) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့်ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော် အလံအား အလေးပြုကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင်ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်အား အလေးပြုကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၅)မှ စံပြလေသူရဲဆုရ ဗိုလ်အာကာထက်ညီ ကိုလည်းကောင်း၊ လေယာဉ်မောင်းထူးချွန်ဆုရ ဗိုလ်ရဝေအောင် ကိုလည်းကောင်း၊ စာပေထူးချွန်ဆုရ ဗိုလ်ရဲမာန် ကိုလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် လေယာဉ်မောင်းသင်တန်းကာလတစ်လျှောက် ကိုယ်စိတ်နှစ်ဖြာလုံး အပင်ပန်းခံကာ အစွမ်းကုန်ကြိုးပမ်း အားထုတ်ခဲ့ကြသည့်အတွက် ယနေ့တွင် လေသူရဲတောင်ပံကို ဂုဏ်ယူဖွယ်တပ်ဆင် ခွင့်ရခဲ့ကြပြီဖြစ်ပါကြောင်း၊ လေသူရဲအရာရှိငယ်များ ဖြစ်လာပြီဖြစ်သည့် ရဲဘော်တို့သည် သက်ဆိုင်ရာပျံသန်းရေးအုပ်အသီးသီးတွင် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးအပါအဝင် ပေးအပ်လာသည့် တာဝန်ဝတ္တရားအမျိုးမျိုးကို ထမ်းဆောင်ကြရတော့မည် ဖြစ်သည့်အတွက် ပျံသန်းရေးအုပ်အသီးသီးတွင် ပျံသန်းရေးတာဝန်များသာမက ကွပ်ကဲမှု၊ အုပ်ချုပ်မှုနှင့် အခြားလုပ်ငန်းတာဝန်များကိုလည်း သက်ဆိုင်ရာတပ်မှူးအဆင့်ဆင့်၏ ကွပ်ကဲကြီးကြပ်မှုနှင့် လက်အောက်အကြပ်စစ်သည်များကို ဦးစီးဦးဆောင်ကာ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မည်သည့်တာဝန်မျိုးပင် ထမ်းဆောင်ရသည်ဖြစ်ပါစေ စစ်သားကောင်းတစ်ယောက်၊ အရာရှိကောင်းတစ်ယောက်ပီသစွာ ကွပ်ကဲကြီးကြပ်မှုအနည်းဆုံးနှင့် မိမိကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံးနှင့် အအောင်မြင်ဆုံးဖြစ်အောင် ထမ်းဆောင်သွားရမည်ကို မှာကြားလိုပါကြောင်း။

တပ်မတော်(လေ)သည် တပ်မတော်၏ အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများအတွက် အန္တရာယ်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းတွင် ကျရာကဏ္ဍမှ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် စွမ်းစွမ်းတမံပါဝင်ကူညီ ထမ်းဆောင်ပေးလျက်ရှိပါကြောင်း၊ တပ်မတော်၏ အဓိကတာဝန်ကြီးသုံးခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကိုလည်း ဆတက်ထမ်းပိုးကျေကျေပွန်ပွန် သယ်ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် တပ်အသီးသီးရှိ တပ်မတော်(လေ) အရာရှိ/ စစ်သည်များသည် လေကြောင်းစစ်ဆင်ရေးတာဝန်များ၊ စစ်ဆင်ရေးအထောက်အကူပြု ပျံသန်းရေးတာဝန်များ၊ နယ်မြေလုံခြုံရေးတာဝန်များ၊ အခြားအထောက်အကူပြု တာဝန်များကို နေ့ညရာသီမရွေး စွန့်စွန့်စားစား ထမ်းဆောင်နေကြသည်ကို ထင်ထင်ရှားရှားတွေ့မြင်ရမည်ဖြစ်ပါကြောင်း။

တပ်မတော်(လေ)ကိုလည်း ခေတ်မီလေတပ်မတော်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပြီး စွမ်းရည်မြင့်မားသည့် ခေတ်မီလေယာဉ်/ ရဟတ်ယာဉ်များ၊ လက်နက်စနစ်များ၊ စစ်ဆင်ရေးအထောက်အကူပြုစနစ်များ နှစ်စဉ်ဖြည့်တင်းအဆင့် မြှင့်တင်ပေးလျက်ရှိကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကိုလည်း မိမိတို့ပကတိအခြေအနေနှင့် လိုက်လျောညီထွေ လက်တွေ့အသုံးချနိုင်ရန် လေ့လာအဆင့်မြှင့်တင်ကာ လေ့ကျင့်ပေးနေပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်နှင့်အညီ ရဲဘော်တို့အနေနှင့်လည်း တိုးတက်ပြောင်းလဲနေသည့် စစ်လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်နည်းဗျူဟာများနှင့် စက်မှုနည်းပညာများကို ထိရောက်ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာလေ့ကျင့် ကြိုးပမ်းနေရမည်ဖြစ်ကြောင်း သတိပေးမှာကြားလိုကြောင်း။

စစ်ဆင်ရေး၊ လေ့ကျင့်ရေးစသည့် ပျံသန်းရေးတာဝန်များကို နေ့ညအချိန် အခါမရွေး၊ နေရာဒေသမရွေး အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်နိုင်ရေးအတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ခိုင်မာမှုတို့သည် များစွာအရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိအောင် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်မှုပုံစံအတိုင်း လိုက်နာကျင့်ကြံနေထိုင်ကြရကြောင်း၊ စိတ်ဓာတ်မြင့်မားကောင်းမွန်ရေးနှင့် ယုံကြည်ချက် ခံယူချက် မြင့်မားမှန်ကန်ရေးအတွက် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာခြင်းဖြင့် သင်ခန်းစာများစွာ၊ အထောက်အကူများစွာ ရရှိစေနိုင်သည့်အတွက် မိမိကိုယ်တိုင် စာဖတ်ရန်သာမက မိမိ၏လက်အောက်ငယ်သားများပါ စာဖတ်ရန်တိုက်တွန်းစည်းရုံး လုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ဝေဟင်မှ အုပ်ဖွဲ့ပျံသန်းအလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်ကာ ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက်ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်းဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ကျောင်းဆင်းအရာရှိများနှင့် မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာ လေယာဉ်/ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

ညပိုင်းတွင် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၅) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲ ကျင်းပနေစဉ် ကျောင်းဆင်းအရာရှိများနှင့် တပ်မတော်(လေ)မိသားစုဝင်များက တပ်မတော်(လေ)တေးဂီတအဖွဲ့နှင့်တွဲဖက်၍ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

ညစာစားပွဲ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)