“ပြည်သူ့အတွက် သစ္စာ သမာဓိ သတ္တိ” - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ပြည်သူ့အတွက် သစ္စာ သမာဓိ သတ္တိ”




အန်ကယ်ပညာ


မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့မှစတင်၍ ခေတ်နှင့်အညီ အဆင့်ဆင့်ပြောင်းလဲ တိုးချဲ့ဖွဲ့စည်းလာခဲ့သည့်အပြင် ထိုနေ့ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြပါသည်။ သို့ဖြစ်၍ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သည် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဖြစ်ပါသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် မိမိတို့ကျရာကဏ္ဍမှ ကျေပွန်အောင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနကချမှတ်သည့် မူဝါဒများနှင့်အညီ တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ်ဒေသလုံခြုံရေး၊ ပြည်တွင်းလုံခြုံရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးတာဝန်များကို နောင်တော်တပ်မတော်နှင့် လက်တွဲ၍ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။


ရည်မှန်းချက်တာဝန်(၄)ရပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်ဟူသည့်မူဝါဒ (၃) ရပ်ကို အခြေခံလျက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန် (၄)ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။


ထိုရည်မှန်းချက်တာဝန် (၄) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သစ္စာ (၄) ချက်ကို ဦးထိပ်ပန်ဆင်လျက် ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီး ပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသည့် လုပ်ငန်းတာဝန် (၆) ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။


ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း အချိန်အခါအရဆောင်ရွက် ရသည့် နိုင်ငံတော်အခမ်းအနားများ၊ နိုင်ငံတော်အဆင့်အကြီးအကဲများ၏ သွားလာလှုပ်ရှားမှုများ၊ ပြည်ပဧည့်သည်တော်၏ခရီးစဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံမှုအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ကြပါသည်။ ထို့အပြင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ၊ အမြန်လမ်းမကြီးနှင့် လမ်းအသုံးပြုသူများ၊ ငွေကြေးဆိုင်ရာ မှုခင်းကိစ္စရပ်များ၊ ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ကိစ္စရပ်များအတွက်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ့များက ပြည်သူလူထုကို လုံခြုံမှုဆောင်ရွက်ပေးလျက်ရှိပါသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပညာပေးခြင်း၊ တားဆီးကာကွယ်ပေးခြင်း၊ ဖော်ထုတ်အရေးယူနိုင် ရေးဆောင်ရွက်ခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းစဉ်များဖြင့် ပြည်သူလူထုကို ဗဟိုပြုကာတပ်ဖွဲ့များအချင်းချင်း ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။ ဤသို့ လူပုဂ္ဂိုလ်လုံခြုံရေးသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ နိုင်ငံတော်၏ နယ်စပ်ဒေသများ၊ အဆောက်အအုံ၊ ငွေကြေး၊ ယာဉ်ယန္တရားပစ္စည်းများအပြင် သယံဇာတများ လုံခြုံရေးအတွက်လည်းဆောင်ရွက်လျက်ရှိကြပါသည်။


တရားဥပဒေစိုးမိုးရေး

ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် တစ်ခုနှင့် တစ်ခုချိတ်ဆက်လျက် အကြောင်းအကျိုးဆက်စပ်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များဖြစ်ကြပါသည်။ ထို့အပြင် ထိုရည်မှန်းချက် တာဝန်များကို ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားပြီးပြစ်မှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး ဟူသည့် လုပ်ငန်းတာဝန်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အမှုကြီး (၁၀)မျိုးအတွက် ၂၄၃၀ မှု၊ အခြားအမှု (၁၀) မျိုးအတွက် ၃၀၆၉၆ မှု၊ ကြိုတင်ကာကွယ်မှု (၁၀)မျိုးအတွက် ၂၆၃၅၅ မှုတို့ကို တရားစွဲတင်နိုင်ခဲ့ပါသည်။


မျက်မှောက်ခေတ်တွင် နည်းပညာအသုံးပြုမှုတွင်ကျယ်လျက်ရှိရာ ရာဇဝတ်မှုကျူးလွန်သူများ အနေနှင့်လည်း နည်းပညာကိုအသုံးချ၍ ဥပဒေချိုးဖောက်မှုများ၊ ရာဇဝတ်မှုများကို ကျူးလွန်လာ ကြရာ အချို့သောမှုခင်းကိစ္စရပ်များတွင် သမားရိုးကျနည်းဖြင့် ရှာဖွေစုံစမ်းဖော်ထုတ်ရန် ခက်ခဲလာသဖြင့် ခေတ်နှင့်အညီ နည်းပညာမြင့် အထောက်အကူပြုပစ္စည်းကိရိယာများကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်ရန် လိုအပ်လာပါသည်။


သို့ဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေတ်မီအထောက်အကူပစ္စည်းများ တပ်ဆင်ပေးခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ပေးခြင်းတို့ဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။


မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် အထူးစစ်ဆင်ရေးကြီးများဆင်နွှဲကာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်အတွင်း အထူးစစ်ဆင်ရေးကြီးသုံးခုဖြင့် ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးမှု ၁၇၁၇ မှု၊ တရားခံ ၂၅၃၂ ဦးနှင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၅၇၆ ဒသမ ၁၄၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပါသည်။ ထိုစစ်ဆင်ရေးကြီးများအပါအဝင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၂ ခုနှစ်အတွင်း မူးယစ် ဆေးဝါးဖမ်းဆီးရမိမှု ၆၇၅၉ မှုမှ တရားခံ ၉၆၀၀ ဦးတို့အား ငွေကျပ် ၁၁၂၀ ဒသမ ၃၆၀၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၅၃၃ ဒသမ ၅၀၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ ယာဉ်များ၊ မြန်မာကျပ်ငွေနှင့် နိုင်ငံခြားသုံးငွေ အမြောက်အမြားတို့ကို သိမ်းဆည်းနိုင်ခဲ့ပါသည်။


မြန်မာနိုင်ငံအတွင်း တစ်နှစ်တာဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများမီးရှို့ဖျက်ဆီးခြင်းကို ၂၆-၆-၂၀၂၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ပြုလုပ်ခဲ့ရာ ငွေကျပ် ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၁-၂၀၂၂ ဘိန်းစိုက်ရာသီတွင် ဘိန်းခင်း ၁၄၀၃ ဒသမ ၂၇ ဟက်တာ (၃၄၆၇ ဒသမ ၄၉ ဧက) ဖျက်ဆီးနိုင်ခဲ့ပါသည်။


ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ လေဘေး၊ ရေဘေးနှင့်ငလျင်ဘေးတို့ ကျရောက်သည့်အခါများတွင် လုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေးအတွက် အစောဆုံးရောက်ရှိကြသူများဖြစ်ပါသည်။ ထိုနေရာများတွင် ဘေးအန္တရာယ် ကျရောက်နေသူများအား ကူညီကယ်ဆယ်ခြင်း၊ လူနှင့်ပစ္စည်းများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ အပျက်အစီးများ ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် အဆောက်အအုံများ ပြုပြင်တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပါသည်။ ထို့အပြင် အခါကြီးရက်ကြီးများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ရေရှားပါးသည့်နေရာများသို့ သောက်သုံးရေလှူဒါန်းခြင်း၊ သွေးလှူခြင်းတို့ကိုလည်း ဆောင်ရွက်ပေးကြပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်းဆောင်ရွက်မှု ၃၈၉၂ ကြိမ်တွင် ပါဝင်အင်အား ၃၈၈၃၉ ဦးဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။


ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု

ဖော်ပြခဲ့သော အချက်အလက်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကုန်လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ပြည်သူထုအတွက် ဆောင်ရွက်ခဲ့ကြသည့် ရဲလုပ်ငန်းဝန်ဆောင်မှုများပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များဟုလည်း ဆိုနိုင်ပါသည်။ ထိုသို့သော ရဲလုပ်ငန်းဝန်ဆောင်မှု ရလဒ်များတွင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲလုံ့လ ဝီရိယနှင့် ကြိုးစားအားထုတ်မှု တို့ပါဝင်သည်မှန်သော်လည်း အဓိကမှာ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြစ်ကြောင်း တွေ့ရှိရပါ သည်။


သို့ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရဲလုပ်ငန်းဝန်ဆောင်မှုများ ဥပဒေနှင့်အညီ မှန်ကန် မြန်ဆန်စွာ ပြီးမြောက်အောင်မြင်စေရေးအတွက် ပြည်သူလူထုကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဖြတ်သန်းခဲ့ပြီးဖြစ်သည့် တစ်နှစ်တာကိုမူတည်၍ ဖော်ပြခဲ့သော ဆောင်ရွက် ချက်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအပေါ်ထားရှိသော သစ္စာတရား၊ တည်ကြည်ဖြောင့်မတ်မှုနှင့် စွမ်းရည်သတ္တိများပင်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် “(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့” ကို ဂုဏ်ပြုအပ်ပါသည်။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)