တောင်ကြီးမြို့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှ ဂိလာန သံဃာတော်နှင့် သီလရှင်များအား အလှူငွေများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှ ဂိလာန သံဃာတော်နှင့် သီလရှင်များအား အလှူငွေများ ပေးအပ်လှူဒါန်း



MNP ၊ အောက်တိုဘာ ၁၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ ဇီဝိတဒါန သံဃာ့ဆေးရုံအုပ်ကြီး၊ ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံဃာ့ဆေးရုံကြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အလှူရှင်များ၊ တောင်ကြီးမြို့ ဇီဝိတဒါနသံဃာ့ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့များက  ညီညီညွတ်ညွတ်ဖြင့် ဆက်လက် စောင့်ရှောက်ပေးကြပါရန် တိုက်တွန်းပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က သံဃာ့ဆေးရုံကြီး၏ လိုအပ်ချက်များကို တတ်အားသရွေ့ လှူဒါန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ နာယက ဦးညွန့်မောင်က ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ နောက်ခံသမိုင်းကြောင်း၊ ဖွဲ့စည်းမှုအခြေအနေ၊ ဝန်ထမ်းအင်အားနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဇီဝိတဒါနသံဃာ့ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်စိုးက သံဃာတော်များနှင့် သီလရှင်များကို လစဉ်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှု၊ လူပုဂ္ဂိုလ်များအား ကုန်ကျစရိတ် သက်သာသော ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှု၊ ဆေးရုံကြီး၌ ခေတ်မီစက်ကိရိယာများ လိုအပ်မှုအခြေအနေများကို တင်ပြဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအတွက် အလှူငွေကျပ် ၂၀၅၀၀၀၀ အား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ နာယကနှင့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးရုံတက်ရောက် ကုသနေသော သံဃာတော်များ၊ သီလရှင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး နဝကမ္မအလှူငွေများ ထောက်ပံ့လှူဒါန်းကာ ဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)