ကချင်တိုင်းရင်းသား ခခူးရိုးရာဝတ်စုံ ဂျပ်ခုတ်ရက်ကန်းအကြောင်း သိကောင်းစရာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်တိုင်းရင်းသား ခခူးရိုးရာဝတ်စုံ ဂျပ်ခုတ်ရက်ကန်းအကြောင်း သိကောင်းစရာ





MNP ၊ အောက်တိုဘာ  ၆

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅) မျိုးရှိသည့်အနက် ကချင်တိုင်းရင်းသား လူမျိုးစုများသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ကချင်တိုင်းရင်းသား လူမျိုးတွင် မျိုးနွယ်စု (၆)စုရှိသည်။ ယင်းမျိုးနွယ်စုများမှာ ဂျိမ်းဖော၊ ဇိုင်ဝါး၊ လာချိတ်၊ လီဆူ၊ ရဝမ်နှင့် မရူတို့ ဖြစ်ပါသည်။ ထို့အပြင် ကချင်လူမျိုးစု (၆)စုနှင့်အတူ ဗမာ၊ ရှမ်းလူမျိုးစုနှင့် အခြားသော လူမျိုးစုများ လည်း နေထိုင်ကြလျက်ရှိသည်။


ကချင်ပြည်နယ်သည် တောတောင်ထူထပ်၍ ကျယ်ပြန့်သော ဒေသတစ်ခုလည်းဖြစ်သည်။ ကချင် တိုင်းရင်းသား လူမျိုးများသည်လည်း နေရာဒေသကိုလိုက်၍ နီးစပ်ရာနေထိုင်ကြသည့် အခြားလူမျိုး တို့၏ စကားအသုံးအနှုန်းများကို သုံးစွဲခြင်းကြောင့် ယင်းတို့၏ စကားအသုံးအနှုန်း ဝေါဟာရများ ကွဲလွဲ လျက်ရှိကြောင်း တွေ့ရှိရသည်။


သို့ရာတွင် ကချင်လူမျိုးတို့၏ ဝတ်စားဆင်ယင်မှုတို့သည် ဒေသအလိုက်ကွဲပြားခြားနားသော်လည်း ခြားနားမှုများစွာ မရှိချေ။ အချို့ဒေသ၌ အမျိုးသား၊ အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုသည် ယဉ်ကျေးသိမ်မွေ့လှသည်။ ယင်းတို့ဝတ်ဆင်ရာတွင် ခခူးလုံချည်၊ အင်္ကျီအနက်နှင့် ခခူးခေါင်းပေါင်း တို့သည် ကချင်လူမျိုးတို့၏ ထင်ပေါ်သော အဝတ်အထည်များဖြစ်ကြောင်း တွေ့ရှိရသည်။ အမျိုးသမီး တို့သည် ခခူးလုံချည်နှင့် အင်္ကျီအနက်တို့ ဝတ်ဆင်လေ့ရှိပြီး သန္တာစေ့ပုတီးကုံးကို လည်တွင်ဆွဲ၍ ဆင်ယင်မှုပြုကြသည်။ အမျိုးသမီးဝတ်သော ထမီအဆင်နှင့် အမျိုးသားဝတ်ဆင်သော လုံချည်အဆင် ကွားခြားလှသည်။


ခခူးအမျိုးသား အမျိုးသမီးရိုးရာဝတ်စုံ


အမျိုးသားဝတ် ခခူးလုံချည်အဆင်မှာ အစိမ်းရောင်၊ အနက်ရောင်၊ ခရမ်းရောင်ဟူ၍ သုံးမျိုးကို အပြန်ပြန် အလှန်လှန် ကွက်မ ကွက်ကျဲ ကွက်စိပ် အိမ်ဖွဲ့၍ အဆင်တစ်စုံ ကိုးလက်မခန့်ရှိသော ကွက်ကျဲလုံချည်များ ရက်ခတ်ခြင်းဖြစ်သည်။ အမျိုးသမီးဝတ်လုံချည်မှာ ခခူးအနက်ရောင်တွင် ခုနစ် လက်မကို အဝါ၊ ခရမ်း၊ ပန်း၊ အနီ၊ အစိမ်းရောင်တို့သည် အကြောင်းထိုးကလေးများ အပြန်အလှန် ပြုလုပ်၍ တစ်လက်မအထိ ပေါ်လွင်အောင် အစင်းကြောင်းများ ပြုလုပ်ရသည်။ ပြီးလျှင် ခရမ်းရောင် အား ခြောက်လက်မအထိ ပြုလုပ်ရပါသည်။ ပတ်လည်စင်းများ ပြုလုပ်၍ ၎င်းအထည်ပေါ်တွင် အမိတ် ဒီဇိုင်းအဖြစ် ပုလဲမှန်ကူနှစ်ထပ်ကွက် သုံးထပ်ကွက် စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ အမိတ်ထိုး ဝတ်ဆင်ခြင်းဖြစ်သည်။


ရိုးရာဝတ်စုံများကို အိမ်တွင် ဂျပ်ခုတ်ဖြင့် ရက်ခတ်ကြသည်။ တောရွာများနှင့် တောင်ပေါ်ကျေးရွာများ တွင် ယနေ့တိုင် ဂျပ်ခုတ်ရက်ကန်းကို ရက်ခတ်လေ့ရှိကြသည်။ ဂျပ်ခုတ်ရက်ကန်းကို တပင်ကျော် တပင်ကျ ရက်ခတ်လာရာမှ ပုလဲဒီဇိုင်းများကို တီထွင်ကြံဆကာ အထည်များရက်လုပ်လာကြသည်။


ဂျပ်ခုတ်ရက်ကန်း ရက်ခတ်မည်ဆိုပါက ရက်ကန်းအတိုင်ချည်ဆွဲခြင်းမှ စတင်ရသည်။ ဂျပ်ခုတ် ရက်ကန်း အတိုင်ချည်ဆွဲခြင်းမှာ အလျားနှစ်ကိုက်နှင့် (၁၄)လက်မရှိသော ဝါးလုံးတစ်ခုတွင် ပထမအစွန်း ဘက်မှ ခြောက်လက်မခန့်ထား၍ အပေါက်ဖောက်ပြီးသော် တစ်ပေခန့်ရှည်သော သစ်သား (၃)မူးလုံးကို ထိုအပေါက်တွင် တပ်ဆင်ရသည်။ ထိုမှ အလယ်တွင် (၈)လက်မစီ အရှည်ရှိ သော သစ်သားလုံးနှစ်ခုကို တစ်ခုနှင့် တစ်ခု (၆)လက်မခန့်ခွာ၍ စိုက်သွင်းတပ်ဆင်ရပါသည်။ ယင်းကို ကချင်ဘာသာဖြင့် “ဂျစ်န” ဟုခေါ်သည်။ ကချင်ဂျပ်ခုတ်ရက်ကန်းစင်များတွင် အင်္ကျီဖျင်၊ လုံချည်များ သာမက လွယ်အိတ်များကိုလည်း ဒေသအလိုက် ဂျပ်ခုတ်ရက်ကန်းစင်ဖြင့် ရက်ခတ်ကြလျက်ရှိသည်။


ကချင်လွယ်အိတ်ရက်လုပ်ငန်း


ကချင်လွယ်အိတ် ရက်လုပ်သောပုံစံဒီဇိုင်းသည် အခြားလွယ်အိတ်ရက်လုပ်သော ပုံစုံတို့နှင့် ကွာခြား လေသည်။ လွယ်အိတ်များကို ယခုခေတ်အခါတွင် ချည်ချောများဖြင့် အတိုင်အဖောက် ရက်လုပ်ခြင်း၊ ၎င်းတို့အရောင်မှာလည်း တောက်ပြောင်သော အနီရောင်နှင့် အနက်ရောင်တို့ကို အသုံးပြုလေ့ရှိ ကြသည်။ လွယ်အိတ်၏ ကိုယ်ထည်အတိုင်းအတာမှာ (၁၆)လက်မခန့်ရှိသည်။ ဂျပ်ခုတ်လွယ်အိတ် ရက်ခတ်ရာတွင် ပါဝင်သောကိရိယာမှာ အလျား (၂၂)လက်မ၊ အနံ (၆)လက်မရှိသော သားရေခါးဆွဲ ဂျပ် တစ်ခု၊ အလျား (၁၈)လက်မ လုံးပတ် (၄)လက်မရှိ ဝါလုံးတစ်လုံး ၎င်းသည် အတိုင်ချည်ကို တပင်စီ ဖြန့်စီထားရန်အတွက် အသုံးပြုသည်။ ယင်းနောက် စည်းတန်များကို (၁၀)ချောင်းခန့်ထား၍ တစ်ချောင်းကို (၁၈)လက်မခန့်ရှိ ဝါးလုံးငယ်နှင့် ရှေ့နောက်ထားပြီး ချည်ပင်စည်းတွင် ထည့်ထားရ သည်။ တစ်ပင်ခြင်းစည်းမှ အတိုင်ယပင် တစ်ပင်စီကို နှတ်ကောက်ယူ၍ စီးညှပ်တန် နှတ်ပိုးတန်များ တပ်ဆင်ပြီး နှတ်လွှား တစ်လွှားပြုလုပ်၍ ဂျပ်ခုတ်ရက်ကန်းတန်းတွင် အလိုရှိသော ပုလဲမှန်ကူကွက် အတွက် နှတ်လွှားကို မယူ၍ ပန်းချည်များ ထည့်သွင်းပြီး ရက်ခတ်ယူရသည်။ “မ” ပုလဲ ဖော်ယူရန် စည်းတံတစ်ချောင်းမှသည် လေးချောင်းအထိ ထည့်ထားရသည်။


၎င်းစည်းတံတို့သည် ဂျပ်ခုတ်ရက်ခတ်သူများမှ မိမိလိုချင်သော ဒီဇိုင်းများကို အလှည့်ကျ ဖော်ဆောင် ရက်လုပ်ရပါသည်။ ဂျပ်ခုတ်ရက်ကန်းစင်နှင့် ရက်ခတ်မည်ဆိုပါလျှင် ယဉ်သွားနံပါတ် အနံ၊ လက်မ စသည်တို့ တွက်ယူရမည်ဆိုလျှင် ရက်လုပ်လိုသည့် အထည်ကိုမူတည်၍ သတ်မှတ်ထားပြီးဖြစ်လေ သည်။ လွယ်အိတ်ရက်လုပ်လိုလျှင် လွယ်အိတ်၏ အနံ၊ လက်မသည် (၉)လက်မထားသည်။ ထို (၉)လက်မအတွက် အထက်တွင် ဖော်ပြခဲ့သော “ဂျစ်နာ” တွင် ချည်ပင်များကို ဖြုတ်ယူပြီးလျှင် (၁၈)လက်မရှိသော ဝါးလုံးတွင် လျှိုသွင်းပြီး အတိုင်ချည်ပင်များကို စည်းခွဲ၍ နှတ်ကောက်ရသည်။


ကချင်ဂျပ်ခုတ်လွယ်အိတ် ရက်ကန်းတန်းအတွက် ယဉ်သွားနံပါတ်တွက်ယူရာ၌ တစ်စုံလျှင် ယပင် (၁၀)ပင် ရှိသည်။ အနံ (၉)လက်မအတွက် (၂၇)စုံထားသော် (၁)လက်မရှိ ယပင်ပေါင်းမှာ တစ်နံတွင် (၃၀) ပါဝင်ခြင်းကြောင့် ယဉ်သွားနှင့် ရက်လုပ်ခြင်းမဟုတ်သော်လည်း ယဉ်သွားနံပါတ် (၁၅)တွင် (သို့) (၃၀)နှင့် ညီမျှကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ယဉ်သွားနံပါတ် (၃၀)ဟု သတ်မှတ်ခေါ်ဆိုနိုင်ပါ သည်။ ဂျပ်ခုတ်ရက်ကန်းသည် လက်ခတ်အစားဂျပ်ဖြင့် ရက်လုပ်ရသည်။ အဖေါက်ချည်ပင် နှစ်ပင် ပေါင်း၍ ရက်ခတ်ရသည်။


ဆက်လက်ပြီး ဂျပ်ခုတ်ရက်ကန်းစင်နှင့် ရိုးရာအထည် ထဘီ၊ အင်္ကျီများ ရက်ခတ်ရန်အတွက် ရိုးရာချားဆွဲလိုလျှင် အနံပေါင်း (၅၄)စုံ ပြုလုပ်ရပါသည်။ အနံ(၅၄)စုံတွင် တစ်စုံလျှင် ချည်ပင် (၁၀)ပင် (၅၄)စုံတွင် အတိုင်ချည်ပင်ပေါင်း (၅၄၀)ပင် ရှိရပါမည်။ တစ်လက်မတွင် (၆၀)ပင်ရှိ၍ (၃၀)ပေါက် ယဉ်သွားနှင့်ညီမျှ၍ မိမိပြုလုပ်လိုသော အနံကြီးလိုပါက အနံများများ ပြုလုပ်ကာ ချားဆွဲရမည် ဖြစ်ပါသည်။ အမျိုးသားဝတ် အမျိုးသမီးဝတ်နှင့် လွယ်အိတ် ခေါင်းပေါင်းစများကို ယနေ့တိုင် ဂျပ်ခုတ် ရက်ကန်းစင်ဖြင့် ယနေ့တိုင် ရက်လုပ်နေဆဲ ဖြစ်ပါသည်။ ၎င်းနောက် ကချင်လွယ်အိတ်၊ ခေါင်းပေါင်း၊ အိပ်ယာခင်း၊ ခြုံစောင် စသည့် လူသုံးအဝတ်အထည်များကို ရက်လုပ် အသုံးပြုကြလျက်ရှိသည်။


ခခူးရိုးရာဝတ်စုံများကို ဂျပ်ခုတ်စင်မှ လွန်းပျံရက်ကန်းစင်ဖြင့် ပြောင်းလဲရက်ခတ်လာခြင်း


ခခူးအမျိုးသမီးဝတ် သုံးနံစပ်လုံချည်အထည်သည် အရောင်အားဖြင့် အနက်ရောင်နှင့် ခရမ်းရောင် တို့ဖြစ်ပါသည်။ အနက်ရောင်သည် (၇)လက်မနှင့် ခရမ်းရောင်သည် (၅)လက်မဖြစ်ပြီး ၎င်းတို့ နှစ်ရောင်ကြားတွင် ချည်ရောင်စုံစိပ်ထိုး၍ စင်းကြောင်းလေးများ ထည့်သွင်းရက်ခတ်ကြပါသည်။ ခခူးကချင် အမျိုးသားဝတ် လုံချည်အဆင်ဒီဇိုင်းမှာ ခရမ်းရောင်၊ အစိမ်းရောင်နှင့် အနက်ရောင်များ တို့ဖြင့် အစဉ်တကျ ပြုလုပ်ထားသည်ကို တွေ့ရှိရသည်။


ဂျပ်ခုတ်ရက်ကန်းစင်ဖြင့် ရိုးရာအဝတ်အထည်များ၊ လူသုံးကုန်အဝတ်အထည်များ ရက်လုပ်ရာတွင် အထည်ထွက်နှေးကွေးသဖြင့် ၁၉၄၈ ခုနှစ်၊ မိန်ခိန်ဆရာ ကထောင်ကျေးရွာ၌ ကချင်ပြည်နယ် အမျိုးသမီးများအဖွဲ့ ရက်ကန်းကျောင်းဖွင့်ပြီးသည့်နောက်ပိုင်း ခခူးကချင်ရိုးရာ ကျားဝတ်နှင့် မဝတ် လုံချည်များအား အနံကြီးပြုလုပ်၍ လွန်းပျံရက်ကန်းစင်ပေါ်တွင် ရက်ခတ်ကြသည့် ကျားဝတ်ပုဆိုး အထည်များ တစ်နေ့ (၄)ထည် ရက်လုပ်နိုင်သည်အထိ ရက်ခတ်နိုင်ခဲ့ပြီး မဝတ်လုံချည်(ခခူး) အထည် များကိုလည်း တစ်နေ့တစ်ထည်နှင့် ပန်းထိုးခြင်း၊ ပန်းဖော်ခြင်းများဖြင့် ရက်လုပ်နိုင်ခဲ့သည်။ အမျိုးသားဝတ်ပုဆိုးအထည်များသည် ၁၉၈၀ ခုနှစ်ဝန်းကျင်မှ ယနေ့တိုင် လွန်းပျံလက်ရက်ကန်းစင်မှ စက်ရက်ကန်းစင်အထိ တိုးမြှင့်ကာ အထည်များစွာ ထုတ်လုပ်ရက်ခတ်နိုင်ခဲ့သည်။


ထို့အတူ အမျိုးသမီးဝတ်လုံချည်များကိုလည်း ယခင်လွန်းပျံရက်ကန်းစင်ပေါ်တွင် လက်ဖြင့်သာ အသေးစိတ်ဒီဇိုင်း ပန်းဖော်ကောက်ရာမှ ၁၉၈၀ ခုနှစ် နောက်ပိုင်းတွင် ဖဲနှတ်များ တပ်ဆင်၍ လျင်မြန်စွာ ပန်းဖော်ကောက် ရက်ခတ်ရာတွင် လွယ်ကူမြန်ဆန်ကြောင်း တွေ့ရှိရပေသည်။ ရိုးရာဒီဇိုင်း များကိုလည်း မိမိနှစ်သက်ရာ စိတ်ကူးကြံဆ၍ ခေတ်နှင့်အညီ ဆန်းသစ်တီထွင် ရက်လုပ်ကြသည် ကိုလည်း ယနေ့ မျက်မှောက်ခေတ်အထိ များစွာတွေ့ရှိရမည်ဖြစ်ပေသည်။


ယခုအချိန်အခါတွင် အသစ်အဆန်း တိုးတက်ပြောင်းလဲဖြစ်ပေါ်နေသော ခေတ်ကာလဖြစ်၍ ခခူးရိုးရာ ဝတ်စုံများသည်လည်း အရောင်အသွေး၊ ဒီဇိုင်း အပြင်အဆင်မှာ ဆန်းသစ်လှပပြီး ဝတ်ချင်စဖွယ် ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရပါသည်။


သို့ဖြစ်၍ ခခူးတိုင်းရင်းသားများ၏ တိုးတက်ပြောင်းလဲလာသောအမြင်နှင့် နည်းပညာများအပေါ် ဂုဏ်ယူသင့်၊ ကြိုဆိုသင့်၊ အားပေးသင့်သော ရိုးရာဝတ်စုံဖြစ်ပါ ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)