နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး






MNP ၊ အောက်တိုဘာ  ၅

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဝရ မထေရ်မြတ်အား  သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် MSME One Region One Product ထုတ်လုပ်နေသည့် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ Sky Fruit Food Industry Co;Ltd သစ်သီးယိုစုံလုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးရာ မန်နေဂျင်းဒါရိုက်တာ ဒေါ်ဝင်းသီရိမွန်က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်တွင်းပြည်ပဖြန့်ချိရောင်းချနေမှုများကို ရှင်းလင်း တင်ပြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသထွက်သီးနှံများနှင့် အဆင့်မီကုန်ထုတ်လုပ်မှု ဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများဖြစ်စေရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်း မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနား တက်ရောက်သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန်ရည်ရွယ်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ပေါ်ထွန်းလာပြီး မိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ အငယ်စား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေခြင်း၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ခြင်း၊ ဒေသထွက် ကုန်ကြမ်းများအပေါ်အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း သင်ပေးလိုက်သည့် ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုတွင် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းမှ ထူးချွန်သင်တန်းသူ ငါးဦးအတွက် အပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက်၊ ထုပ်သီးရိုက်စက် ချီးမြှင့်ပေးအပ်ရာ သင်တန်းသူများက အသီးသီးလက်ခံရယူပြီး ထူးချွန်သင်တန်းသူများကိုယ်စား ဆုရရှိသည့် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြပြီး ခင်ကျင်းပြသထားသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုအားပေးသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ ဝေယံတိုးဆန်စက်သို့ သွားရောက်၍ စပါးအခြောက်ခံမှု၊ ဆန်ကြိတ်ခွဲမှု၊ ထုပ်ပိုးသိမ်းဆည်းမှုအခြေအနေများ၊ စပါးခွံမီးသွေးထုတ်လုပ်သည့် တောင်သူအသိပညာပေး သရုပ်ပြမှုအခြေအနေအား ကြည့်ရှုအားပေးပြီး ဒေသမှထွက်ရှိသည့် စပါးများကို ကြိတ်ခွဲပြီး ပြည်တွင်းဖူလုံရေးတွင်သာမက ပြည်ပအထိ တင်ပို့နိုင်အောင် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များအဖြစ်ဆောင်ရွက်စေလိုကြောင်း၊ မျိုးကောင်း၊ မျိုးသန့်စပါးများ စိုက်ပျိုးရန်လိုအပ်ကြောင်း မှာကြားသည်။


ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာရှိ More CNC ပန်းတမော့လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးရာ မန်နေဂျင်းဒါရိုက်တာ ဦးအောင်အောင်ဦးက လုပ်ငန်းဆောင်ရွက်မှု အ‌ခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမမထေရ်မြတ်အား  သွားရောက် ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် နေပြည်တော်အုတ်စက်ရုံသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများက နေပြည်တော်အုတ်စက်ရုံ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)