မန်းရွှေစက်တော်ဘုရားကြီးတွင် မိုခါမုန်တိုင်းအလွန်နှင့် မိုးတွင်းကာလ ထိခိုက်ပျက်စီးခဲ့မှုများအား ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်းရွှေစက်တော်ဘုရားကြီးတွင် မိုခါမုန်တိုင်းအလွန်နှင့် မိုးတွင်းကာလ ထိခိုက်ပျက်စီးခဲ့မှုများအား ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်




MNP ၊ အောက်တိုဘာ  ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် မိုခါမုန်တိုင်းအလွန်နှင့် ယခုနှစ် မိုးတွင်းကာလ အတွင်း မိုးများစွာရွာသွန်းခဲ့ပြီး မန်းချောင်းရေ ဖြတ်ကျော် စီးဆင်းခဲ့မှုများကြောင့် ဘုရားကြီးပရဝုဏ်အတွင်း ထိခိုက်ပျက်စီးခဲ့မှု များအား ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။


အဆိုပါ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် မင်းဘူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာ ၆ ရက်က သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင် များနှင့် တွေ့ဆုံ၍ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ရှေးမူလက်ရာမပျက် ဆောင်ရွက်သွားမည့် လုပ်ငန်း များကို ဆွေးနွေးဆုံးဖြတ် ခဲ့ကြသည်။


ထိုသို့ပြုပြင်ရာတွင် ယခုလက်ရှိ အထက်ကိုးခန်းကြီးဘုရားနှင့် နှစ်ကျိတ်ရှစ်ဆူ ဘုရားကြား မိုခါ မုန်တိုင်းကြောင့် တောင်စောင်းမြေပျိုကျမှုအား မြေထိန်းနံရံ ကျောက်ကြီးစီ၍ ရေမြောင်းများ ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအပြင် မန်းရွှေစက်တော်ဘုရားအဝင် (၃)မိုင်လမ်းတွင် ဘုရားဖူးကား များ သွားလာရေး အဆင်ပြေစေရန် (Box Corvert) တံတားငယ်နှစ်စင်းကို ထပ်မံတိုးချဲ့ ဆောက်လုပ် သွားမည်ဖြစ်ကြောင်း၊ ယခုနှစ် မိုးတွင်း ကာလ အထက်စက်တော်ရာ ခြေလျှင်အတက် စောင်းတန်း မုဒ်ဦးအောက်ချေ၌ မန်းချောင်းရေ တိုက်စားမှုဖြစ်ပွားခဲ့သည့် အတွက် ရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ မန်းချောင်းတစ်လျှောက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ အောက်ခြေတော်ရာ ရင်ပြင် မန်းချောင်းရေ ဖြတ်ကျော် စီးဆင်းခဲ့မှုကြောင့် အောက်စက်တော်ရာ တိုးချဲ့ရင်ပြင် အရှေ့ဘက် ခြမ်း၌ မြေကျွံ၍ နှိမ့်ဆင်းမှုဖြစ်ပွားခဲ့ပြီး ရင်ပြင်တော်နှင့် နဂါးရေအိုင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အောက်စက်တော်ရာ တိုင်လုံးကြီးများနှင့် ဘုံ(၇)ဆင့်အား မြန်မာမှု မြန်မာ့ဟန် ရှေးမူလက်ရာမပျက် ပန်းချီ၊ ပန်းပု၊ ပန်းဆွဲ ပညာရှင်များဖြင့် ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကိုးခန်းကြီးဘုရားမှ အထက်စက်တော်ရာ အတက်လမ်း (စောင်းတမ်း)အား တိုးချဲ့စောင်းတမ်း မုခ်ဦးလှေကားဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အောက်စက်တော်ရာမှ အထက်စက်တော်ရာ ခြေလျင်အတက်လမ်း စောင်းတမ်း တစ်လျှောက် အင်းကတေကွာကျမှုများ၊ အထက်စက်တော်ရာ အမိုးနှင့် မျက်နှာကျက် မိုးရိုစိမ့်မှု များနှင့် အများသုံးသန့်စင်ခန်း များနှင့် VIP သန့်စင်ခန်း များကိုလည်း တိုးချဲ့ဆောက်လုပ် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။


အဆိုပါ ထိခိုက်ပျက်စီးမှုများနှင့် ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများအားလုံးကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြ၍ လာမည့် ဘုရားပွဲတော်ကာလ ကျင်းပမည့်ရက် မတိုင်မီ အပြီးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  


မောင်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)