မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ ချစ်ကြည်မှု ရစေဖို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ ချစ်ကြည်မှု ရစေဖို့


ယမန်နေ့က (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားများကို နိုင်ငံအဝှမ်းမှာ ကျင်းပခဲ့ကြပါတယ်။ ပြည်ထောင်စုအဆင့် ကျင်းပတဲ့ပွဲမှာလည်း ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုချီးမြှင့်ခဲ့တာတွေကိုလည်း မြင်တွေ့ရပါတယ်။ လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရဲချုပ်(ငြိမ်း) က "(၅၉ )နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ချိန်ခါသမယမှသည် နောင်နှစ်ပေါင်းများစွာရဲချုပ်အမှူးပြုသော တပ်ဖွဲ့ဝင်၊ မိသားစုများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ နိုင်ငံတော်လုံခြုံရေးတာဝန်များအား ဦးလည်မသုန်ထမ်းဆောင်ရင်း အစဉ်ထာဝရအောင်မြင်ကြပါစေကြောင်း မေတ္တာမွန်ဖြင့်ဆုမွန်ကောင်း တောင်းအပ်ပါသည်။" လို့ သဝဏ်လွှာပါးခဲ့ပါတယ်။

နေပြည်တော် MICC(2)မှာ ကျင်းပတဲ့ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟုခေါ်ဝေါ်သတ်မှတ်ခဲ့ကာ ရဲတပ်ဖွဲ့နေ့အဖြစ်လည်း စတင်သတ်မှတ်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဆိုသည့် ဦးထိပ်ပန်ဆင်ထားသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲလာအောင် နှစ်အလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လာရာ ယခုဆိုလျှင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆက်လက်ဆောင်ရွက်သွားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ညီနောင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရန် အလေးထား မှာကြား လိုကြောင်း၊ ထို့အပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ် ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း။

နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူသားလုံခြုံရေးအတွက်လည်း ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ၎င်းမှုခင်းများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်ရန်ခက်ခဲသည့်အတွက် နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ပြန်မှုများနှင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။

၂၀၂၃ ခုနှစ်တွင် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်း ကစားမှု(Online Gambling) ဆိုင်ရာ ရှေ့ပြေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေနှင့် မြန်မာနိုင်ငံ၊ နယ်စပ်ဒေသများတွင် Online လိမ်လည်မှုကျူးလွန်ရန် အဓမ္မစေခိုင်းသည့် ဖြစ်စဉ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၆ ရက်ထိ စစ်ဆင်ရေးကာလသတ်မှတ်ပြီး သုံးနိုင်ငံနားလည်မှုရှိရှိနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး (၃၈) ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းမှုများကို တားဆီးဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး “Operation 39” ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက် အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၄၃၈၀ မှု၊ တရားခံပေါင်း ၅,၉၇၄ ဦး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၂၃ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း။

၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ ဖျက်ဆီးပွဲတွင် စုစုပေါင်းတန်ဖိုးကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိ ကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း) ရှိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုးတို့ကို ဖျက်ဆီးခဲ့ကြောင်း။

မျက်မှောက်ခေတ် လူကုန်ကူးမှုအခြေအနေမှာ ကမ္ဘာတစ်ဝန်း တိုးတက်လာသည့် အင်တာနက်နည်းပညာများကို အသုံးပြုပြီး လူကုန်ကူးသူများက လူသစ်စုဆောင်းခြင်းများပြုလုပ်ပြီး လူကုန်ကူးမှုပုံစံများနှင့် စီးဆင်းမှုများ ပြောင်းလဲလာပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် လူကုန်ကူးမှုများကို ထိရောက်စွာအရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်အထိ လူကုန်ကူးမှု ၂,၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးသူ တရားခံစုစုပေါင်း ၆,၅၁၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဒေသတွင်းလူကုန်ကူး မှုခင်း များနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေးစီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့(ASEANAPOL)တို့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။

ယနေ့အချိန်အခါတွင် ငွေကြေးခဝါချမှု၊ ငွေကြေးလိမ်လည်မှုနှင့် အဂတိလိုက်စားမှုအပါအဝင် ငွေကြေးဆိုင်ရာပြစ်မှု (Financial Crime) ၊ အွန်လိုင်းအသုံးပြုလိမ်လည်မှုအပါအဝင် ဆိုက်ဘာပြစ်မှု (Cyber Crime) ၊ အကြမ်းဖက်မှု (Terrorism) တို့သည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု အဆင့်အမြင့်ဆုံးဖြစ်နေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့အား တိုက်ဖျက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ တရားစီရင်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။

တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထားအသိအမှတ်ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စိစစ်ချီးမြှင့်ပေးလျက်ရှိကြောင်း၊ မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ်တွင်လည်း ဂုဏ်ယူလေးစား အသိအမှတ်ပြုပါကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့်ခဲ့ရာတွင် ဝဏ္ဏကျော်ထင်ဘွဲ့ ၇ ဦး၊ ရဲသီဟတံဆိပ် ၁ ဦး၊ ရဲသူရတံဆိပ် ၁၉ ဦး၊ ရဲဗလတံဆိပ် ၃၆ ဦး၊ ရဲသူရိန်တံဆိပ် ၁ ဦး၊ ရဲကျော်သူ တံဆိပ် ၅ ဦး၊ လူမှု ထူးချွန်တံဆိပ်(တတိယအဆင့်) ၁ ဦး၊ ရဲမှုထမ်းကောင်း ၃၃၀ ဦး၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၈၂၉ ဦး၊ မြန်မာနိုင်ငံရဲပူးတွဲတိုက်ပွဲဝင်တံဆိပ် ၁,၉၁၀ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၂၅ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၅၇ ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရား ဥပဒေစိုးမိုးရေး တံဆိပ် ၄,၁၆၇ ဦး၊ စုစုပေါင်း ၇,၃၈၈ ဦးကို ချီးမြှင့်ပေးခဲ့ကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်များနှင့် တည်ဆောက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်ကတိုးမြှင့်ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအနေဖြင့် အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန်နှင့် တာဝန်ကျေပွန်ရန် စသည်များကို စဉ်ဆက်မပြတ် ဆက်လက်ခံယူ လေ့ကျင့်နေကြရမည်ဖြစ်သကဲ့သို့ လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း ဥပဒေနှင့်အညီလုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး အကာအကွယ်ပေး စောင့်ရှောက်သွားကြရန်နှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေဘက်တော်သား အဖွဲ့အစည်းများအပြင် မိမိတို့တာဝန်ကျရာ နယ်မြေအလိုက် ပြည်သူများနှင့်ပါလက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန်မှု မရှိစေရေး၊ ပြစ်မှုကျူးလွန်ပါကလည်း ပြေးစရာမြေနေရာမရှိသည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံးက မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် အထင်ကြီးလေးစားဂုဏ်ယူရသည့် အဖွဲ့အစည်းဖြစ်စေရေး စစ်သည်အဆင့်မှဝန်ကြီးအဆုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ကျောသားရင်သားမခွဲခြားဘဲ အဆင့်ဆင့်အုပ်ချုပ်ကွပ်ကဲကာ ပေးအပ်လာသည့်တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရန် အထူးတိုက်တွန်း မှာကြားလိုကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအား လုံးသည်လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ အလေးထားဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရာတွင်လည်း ရဲလုပ်ငန်း ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နှင့် ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း ပြည်သူလူထု တစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြရန်တိုက်တွန်း ပါကြောင်းဖြင့်ပြောကြားခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ အမှာစကားကို ကောက်နှုတ်ပြီး ပြောမယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် လုပ်ဆောင်နေတာသည်လည်း ရဲတပ်ဖွဲ့ဝင်များပင် ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဆိုတာ လူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူထုကြားမှာ ရဲတပ်ဖွဲ့ဝင်များအပေါ် ယုံကြည်လေးစားမှု ကင်းမဲ့ လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။ အထူးအားဖြင့် ပြည်သူများကြား ဖြစ်ပေါ်လျက်ရှိတဲ့ အမှုအခင်းကိစ္စများမှာ ဥပဒေစိုးမိုးရေးကို အေးလမထားဘဲ ငွေမျက်နှာကြည့်ပြီး လုပ်ဆောင်တာမျိုးတွေ၊ လာဘ်လာဘကို ရှေ့တန်းတင်လွန်းတဲ့အတွက်ကြောင့် ပြည်သူလူထုက ရွံကြောက်ဖြစ်လာရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ 

ရဲတပ်ဖွဲ့ဝင်များကြားမှာ ဖြစ်ပေါ်လျက်ရှိတဲ့ ပြဿနာတစ်ခုက နေရာကောင်းရဖို့ အထက်လူကြီးကို ပေးကမ်းရတယ်ဆိုတဲ့ ပြဿနာကလည်း အဂတိလိုက်စားမှုတွေ ဖြစ်ပေါ်လာစေခြင်းရဲ့ အကြောင်းတစ်ရပ်ပါပဲ။ လောင်းကစားမှုတွေ ထူပြောလာခြင်းမှာလည်း ရဲတပ်ဖွဲ့ရဲ့ ပယောဂမကင်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ဖြစ်ပေါ်လာပြီးချိန် NLD အစွန်းရောက်များက အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်ဆောင်ရာမှာလည်း  ရဲအရာရှိတချို့ဟာ အကြမ်းဖက်လှုပ်ရှားမှုအပေါ်ကနေ အဂတိလိုက်စားမှုတွေ လုပ်ခဲ့ကြတာကို အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်သူများအား စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့လည်း အဂတိမကင်းတဲ့ ဆောင်ရွက်ချက်တွေ မြင်တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူများရဲ့ ဆောင်ရွက်ချက်များဟာ ဝန်ကြီးဌာနအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု လျော့ပါးစေပါတယ်။ တချို့သောကိစ္စတွေမှာ ဥပဒေနဲ့အညီ လုပ်ဆောင်သင့်ပါလျက်နဲ့ မလျော်သြဇာသုံး ဖိအားပေးမှုတွေကြောင့် ဥပဒေစိုးမိုးရေးလမ်းကြောင်းပေါ်ကနေ တိမ်းစောင်းသွားတာမျိုးတွေလည်း မြင်တွေ့ရပါတယ်။ အဲဒါကတော့ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေရဲ့ အပြစ်မဟုတ်ပါဘူး။ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့်ပြည်နယ်အဆင့် တာဝန်ရှိသူများက ဥပဒေစိုးမိုးရေးထက် ပုဂ္ဂိုလ်ရေးအရ အကာအကွယ်ပေးလိုမှုတွေဟာ စခန်းမှူး၊ ဒုရဲအုပ်၊ တပ်ကြပ်၊ ရဲတပ်ဖွဲ့ဝင်တွေကို ဦးတည်ရာလွဲမှားအောင် လုပ်ဆောင်တဲ့ ဆောင်ရွက်မှုမျိုးတွေ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ကို NLD အစိုးရလက်ထက်က စပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ နစကအစိုးရသက်တမ်း ၂နှစ်တာကာလအထိပါပဲ။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲဟာ လပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ယူဆောင်ရွက်လာခဲ့ပါတယ်။

အစိုးရနဲ့ ပြည်သူ တသားတည်းဖြစ်စေဖို့ ဆိုရာမှာ ပြည်သူလူထုနဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံရတဲ့ အစိုးရဌာနတွေက ဥပဒေစိုးမိုးရေးကို အလေးထားပြီး ပြည်သူနှင့် ထိတွေ့ဆက်ဆံကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြားသွားတဲ့အထဲမှာလည်း လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနှင့်အညီ လုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး အကာအကွယ်ပေး စောင့်ရှောက်သွားကြရန်နှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေဘက်တော်သား အဖွဲ့အစည်းများအပြင် မိမိတို့တာဝန်ကျရာ နယ်မြေအလိုက် ပြည်သူများနှင့်ပါ လက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန်မှု မရှိစေရေး၊ ပြစ်မှုကျူးလွန်ပါကလည်း ပြေးစရာမြေနေရာမရှိသည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံးက မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် အထင်ကြီးလေးစားဂုဏ်ယူရသည့် အဖွဲ့အစည်းဖြစ်စေရေး စစ်သည်အဆင့်မှဝန်ကြီးအဆုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ကျောသားရင်သားမခွဲခြားဘဲ အဆင့်ဆင့်အုပ်ချုပ်ကွပ်ကဲကာ ပေးအပ်လာသည့်တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရန် အလေးထား တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ယနေ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ဆရာမ အစိုးရဝန်ထမ်း၊ တပ်မတော်သားမိသားစုဝင်၊ ရဲတပ်ဖွဲ့မိသားစုဝင်များ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်များမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အားနည်းခဲ့သလို လောဘရမ္မက်ကို ရှေ့တန်းတင်ပြီး အကြမ်းဖက်သမားများထံက လာဘ်လဘကို မျှော်ကိုးပြီး လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် သေကြေပျက်စီး ဆုံးရှုံးမှု အတိုင်းထက်အလွန် များပြားခြင်းရဲ့ အကြောင်းတရားတစ်ခုအဖြစ် ပါဝင်နေပါတယ်။ 

အဂတိလိုက်စားမှု ဖြစ်စဉ်များကို သုံးသပ်တဲ့အခါ အောက်ခြေအဆင့်ကနေ အထက်ကို တက်ခြင်းမျိုးမဟုတ်ဘဲ အထက်လူများရဲ့ အဂတိမကင်းသော ဆောင်ရွက်ချက်များကြောင့် အဆင့်ဆင့် လွဲမှားတဲ့ လမ်းပေါ်ရောက်ရခြင်းလို့ သုံးသပ်နိုင်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ထိန်းကျောင်းကိုင်တွယ်နေသော တာဝန်ရှိသူများအနေဖြင့် အထက်အဆင့်ဆင့် တာဝန်ထမ်းဆောင်နေသူများက ဥပဒေစိုးမိုးရေးကို အလေးထားပြီး အဂတိမကင်းသော ဆောင်ရွက်ချက်များကို လျှော့နိုင်သမျှ လျှော့ပြီး ထိန်းကျောင်းပဲ့ပြင် သွားမှသာလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ ကြည်ဖြူမှု ရပါလိမ့်မည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)