မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) ဆင်းပွဲကျင်းပ






MNP ၊ အောက်တိုဘာ  ၇

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြင့်မားစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ်(၂၂)ပတ်ကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီ ပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတိုးသမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့်သင်ခန်းစာများ သင်ကြားပေးခဲ့သည်။


ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်းဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့/လက်တွေ့သင်ကြားပေးပြီး အသိပညာပေးဟောပြောပွဲများပြုလုပ်ပေး၍  ပြည်ထောင်စုစိတ်ဓါတ်ဘာသာရပ် သင်ခန်းစာများနှင့် အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များကို သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းကို မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်မှ(၁၃)ဦး၊ ကျွန်းစု မြို့နယ်မှ(၃)ဦး၊ ပုလောမြို့နယ်မှ(၁)ဦး၊ သရက်ချောင်းမြို့နယ်မှ(၁)ဦးနှင့် မြိတ်မြို့နယ်မှ(၁၂)ဦး စုစုပေါင်း သင်တန်းသူ အမျိုးသမီးငယ်(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သင်တန်းကျောင်းမှ သိရသည်။


သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသူများတွင် ပထမဆုရရှိသူအား အပ်ချုပ်စက်တစ်လုံး၊ ဒုတိယနှင့် တတိယဆု ရရှိသူတို့အား ဂုဏ်ပြုဆုများကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်သည်။


ထိုနောက် သင်တန်းကျောင်း ကျောင်းအုပ်ဒေါ်စုမြတ်အေးက သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ပြီး သင်တန်းသူများကိုယ်စား မြိတ်မြို့နယ် တညက်ကျေးရွာအုပ်စု ဇဝဲကျေးရွာမှ မပန်းအိထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


သင်တန်းဆင်းပွဲအပြီး၌ သင်တန်းခန်းမအတွင်း သင်တန်းသူများ၏ သင်တန်းဆင်း လက်ရာများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။


သင်တန်းတက်ရောက်ကြသည့် သင်တန်းသူ တစ်ဦးချင်းစီကို သင်တန်းကျောင်းမှ ပိတ်စ(၃၀)ကိုက်၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများ၊ သင်တန်းသုံးပစ္စည်း (၃၈)မျိုးကို ထောက်ပံ့ပေးပြီး  စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများနှင့် အသွားအပြန် ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)