ရထားပို့ဆောင်ရေးစနစ်သည် နိုင်ငံတော်၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး၌ အရေးပါသဖြင့် အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရထားပို့ဆောင်ရေးစနစ်သည် နိုင်ငံတော်၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး၌ အရေးပါသဖြင့် အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား





MNP ၊ အောက်တိုဘာ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်ဦးဗိုလ်ဌေး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်း စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (မလွှကုန်း) စက်ရုံအစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်က မလွှကုန်းယာဒ်ဝင်း၏ နောက်ခံသမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန်များ၊ ယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ အလုပ်ရုံများနှင့် လက်ရှိပြေးဆွဲလျက်ရှိသည့် ကုန်ရထားများမှ ကုန်တင်ပို့မှု၊ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (မလွှကုန်း)၊ မလွှကုန်းတွဲပြင်အလုပ်ရုံ၊ တံတားဘောင်အလုပ်ရုံ (မလွှကုန်း)၊ ယန္တရားအလုပ်ရုံ (မလွှကုန်း) တို့၏ နောက်ခံသမိုင်းအကျဉ်းများ၊ စက်ရုံအလုပ်ရုံတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးအတွက် ရထားပို့ဆောင်ရေးစနစ်ကို စနစ်တကျဆောင်ရွက်


ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည်၏ ကုန်စည်စီးဆင်းရေးကဏ္ဍတွင် ကုန်ရထားများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေးဟူ၍ရှိပြီး ရထားဖြင့်ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရထားဖြင့်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုကဏ္ဍမြင့်မားစေရေးအတွက် ကုန်တွဲများကြံ့ခိုင်ရေးကို ဆောင်ရွက်ရန်လိုသကဲ့သို့ စက်ခေါင်းများလည်း‌ ကောင်းမွန်နေရမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သက်သာခြင်းသည် ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကအရေးပါသဖြင့် ရထားသယ်ယူပို့ဆောင်ရေးကိုမြှင့်တင်ရန်လိုကြောင်း။


မိမိတို့နိုင်ငံတွင် ရထားများကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အတွေ့အကြုံများစွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အတွေ့အကြုံများကိုအကျိုးရှိရှိအသုံးချ၍ ရထားစက်ခေါင်းများ၊ တွဲများ၊ သံလမ်းများကို ကိုယ်တိုင် ထုတ်လုပ်နိုင်ရမည်၊ ခေတ်မီသည့် ရထားသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားအသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းများ ကောင်းမွန်မှသာလျင် ရထားစက်ခေါင်းများ၊ ရထားတွဲများကြံ့ခိုင်ကောင်းမွန်မည်ဖြစ်သည့်အတွက် မီးရထားလမ်းများစနစ်တကျရှိပြီး ကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ကျောက်ထည့်သွင်းခြင်း၊ ဇလီဖားတုံးများ ထည့်သွင်းခြင်းတို့ကို စံချိန်စံနှုန်းပြည့်မီရန်နှင့် နည်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရထားခရီးစဉ်ပြေးဆွဲမှု အချိန်ဇယားများကိုလည်း တိကျမှန်ကန်သည့်စနစ်ဖြစ်ရန်လိုကြောင်းဖြင့် မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒီဇယ်စက် ခေါင်းပြင်စက်ရုံ (မလွှကုန်း) အတွင်း စက်ခေါင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စက်ခေါင်းများအား ပြုပြင်ရမည့်အဆင့်အလိုက်၊ ထိန်းသိမ်းရမည့် အဆင့်အလိုက် မပျက်မကွက်ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရထားစီးခရီးသည်များအတွက် ဆွဲဆောင်မှုရှိရန်လည်းလိုကြောင်း၊ ရထားလမ်းများ ယခုထက်ပို၍ ကြံ့ခိုင်မှုရှိစေရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ သက်တမ်းကြာမြင့်ပြီဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသုံးပြုသည့် ကိရိယာပစ္စည်းများ စနစ်တကျရှိစေရေး တန်ဖိုးထား၍ ထိန်းသိမ်းလုပ်ဆောင်သွားကြရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။


ခရီးတိုနှင့် ရန်ကုန်မြို့ပတ်လမ်း၌ ပြေးဆွဲနိုင်ရေး RBE ရထားတွဲများအားစစ်ဆေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မလွှကုန်းတွဲပြင်အလုပ်ရုံသို့ရောက်ရှိကြပြီး ဂျပန်နိုင်ငံ West Corporation မှ မြန်မာ့မီးရထားသို့ လှူဒါန်းထားသည့် RBE အစီး ၃၀ ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် RBE ရထားများအတွင်းပိုင်းအပြင်အဆင်များနှင့် စက်ပိုင်းဆိုင်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုရထားများသည် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် ခရီးတိုပြေးဆွဲနိုင်ရေး ရည်ရွယ်ထားသည့်အတွက် ကြံ့ခိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်သွားရန်နှင့် ရထားစီးခရီးသည်များ အဆင့်မီစွာ စီးနင်းအသုံးပြုနိုင်ရေး လိုအပ်သည်များကို မပြတ်စောင့်ကြည့်ဆောင်ရွက်သွားရန် လိုအပ်သည်များကို မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြန်မာ့မီးရထားတွင် တာဝန်ထမ်း ဆောင်ခဲ့သည့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့် ရှုစစ်ဆေးခဲ့ပြီး ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများအား ပြန်လည်အသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် စနစ်တကျထိန်းသိမ်းထားရှိရန် လိုအပ်သည်များကို မှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မလွှကုန်းယာဒ် ဝင်းဧရိယာအတွင်း စက်ရုံ၊ အလုပ်ရုံများမှ မီးရထားဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။


မလွှကုန်းယာဒ်ဝင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ကုန်တွဲပေါင်း (၉၀၂၁) တွဲကို အသုံးပြု၍ ကုန်စည်သယ်ယူပို့ဆောင်မှုကို လုပ်ဆောင်ခဲ့ပြီး (၁၉၄၀-၁၉၄၁) ခုနှစ်တွင် ကုန်တန်ချိန်(၄,၀၃၀,၆၅၃)တန်အထိ အများဆုံးသယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး ကုန်ရထားတွဲဆိုင်းများဖွဲ့ဆင်၍ စေလွှတ်ခြင်းနှင့် လက်ခံခြင်းပြုလုပ်ရာ၌ အဓိကကျသည့် ယာဒ်ဝင်းတစ်ခုဖြစ်ကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် နိုင်ငံတော်နှင့် ပြည်သူတို့အားထားနိုင်သည့် ရထားလုပ်ငန်း တစ်ခုအဖြစ်ရပ်တည်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာတွင် မလွှကုန်းယာဒ်ဝင်းသည် အဓိကကျသည့် ယာဒ်ဝင်းတစ်ခုဖြစ်ပြီး စက်ခေါင်းများ မွမ်းမံပြုပြင်သည့် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ၊ ကုန်တွဲပြင်အလုပ်ရုံများလည်း တည်ရှိရာနေရာ တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် ရထားလမ်းတံတားများ၊ ကားလမ်းခုံးကျော်တံတားများအတွက် လိုအပ်သည့် တံတားဘောင်များ ထုတ်လုပ်ပေးလျက်ရှိသော တံတားဘောင်အလုပ်ရုံနှင့် စက်ယန္တရားကြီးများကို မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ယန္တရားအလုပ်ရုံများ တည်ရှိရာနေရာလည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းကြောင်းအစဉ်အလာကောင်းစွာဖြင့် အစဉ်အဆက်ဆောင်ရွက်ခဲ့သည့် မလွှကုန်းယာဒ်ဝင်း ဧရိယာသည် မြန်မာမီးရထားအတွက် အရေးပါသည့် နေရာတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)