ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက ခုနှစ်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက ခုနှစ်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်



MNP ၊ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး ဆောင်းသီးနှံစုံစိုက်ဧက ခုနှစ်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ပါ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် (နွေ ၊ မိုး ၊ ဆောင်း ) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်း လယ်ယာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက်  ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၊ နေကြာ ၊ နှမ်း ၊ ပန်းနှမ်း စိုက်ပျိုးခြင်းအပြင် ဖူးစားပြောင်း ၊ ပဲမျိုးစုံသီးနှံ ၊ စားဖိုဆောင်သီးနှံမျိုးစုံနှင့် အခြား အထွေထွေစားသုံးသီးနှံများကို စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ သီးနှံများ စိုက်ပျိုးရာ၌  တောင်သူတစ်ဦးချင်း သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံစိုက်ပျိုးရေး နည်းပညာများနှင့် သွင်းအားစုပစ္စည်း သုံးစွဲပုံအဆင့်ဆင့်ကို တောင်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး လုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်အနေနဲ့ "ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာဖူလုံစေရေး ၊ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရေးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး တစ်မြို့နယ်လုံး ဆောင်းသီးနှံစုံ စိုက်ဧက ၇၅၉၉၅ ဧက လျာထား စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒီဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ စိုက်ပျိုးသွားမည့် ဆောင်းသီးနှံတွေကတော့ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံစုံ စိုက်ဧက၂၂၁၈၃ ဧက ၊ ပဲမျိုးစုံသီးနှံတွေဖြစ်တဲ့ မတ်ပဲ ၊ ပဲကြီး ၊ ပဲကြား ၊ စားတော်ပဲ ၊ ကုလားပဲ ၊ ပဲလွမ်း ၊ ပဲနောက် ၊ ပဲယင်း ၊ ထောပတ်ပဲ ၊ ပဲပုတ်နဲ့ အခြားပဲ စတဲ့ ပဲမျိုးစုံသီးနှံ စိုက်ဧက ၃၉၆၄၉ ဧက ၊ စားဖိုဆောင်သီးနှံစုံ စိုက်ဧက ၄၃၂၃ ဧက ၊ ကျွဲနွားတိရစ္ဆာန်အစာ ၇၄၂၅ ဧက ၊ အခြား အထွေထွေစားသုံးသီးနှံ ၃၈၅ ဧက ၊ စုစုပေါင်း ဆောင်းသီးနှံစုံစိုက်ဧက ၇၅၉၉၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူ တွေကိုလဲ ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့ ၊ သီးနှံအထွက်နှုန်းများ တိုးတက်စေရန် စိုက်နည်းစနစ်တွေ စနစ်တကျ မှန်ကန်အောင် စိုက်ပျိုးကြဖို့နဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ သဘာဝမြေဩဇာ ၊ သဘာဝပိုးသတ်ဆေးတွေ ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ဖို့အတွက်ကို စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။


ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု(၅၆)စု ၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သီးနှံဈေးကွက်အခြေနေပေါ် မူတည်ပြီး ဈေးကောင်းရရှိသည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိ၍ တောင်သူများလုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)