ပုသိမ်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP ၊ အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ချောင်းသာ၊ ငွေဆောင် ဟိုတယ်ဇုန်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် "အောက်တိုဘာလသည် ပွင့်လင်းရာသီဖြစ်၍ ခရီးသွားများ ပိုမိုဝင်ရောက်လာတော့မှာဖြစ်ပြီး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်နှစ်ခရီးသွားလုပ်ငန်း အားသာချက်အားနည်းချက်များကို သုံးသပ်၍ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရေး ဟိုတယ်ဇုန်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကမ်းခြေခရီးသွား လုပ်ငန်းများကို အခြေပြု၍ တိုင်းဒေသကြီးမှ ထွက်ရှိသည့် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုပစ္စည်းများ အပါအဝင် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါကြောင်း၊ ခရီးသည်ဝင်ရောက်မှု ပိုမို များပြားနိုင်၍ ကမ်းခြေသန့်ရှင်းသာယာလှပစေရေး၊ အစားအသောက်နှင့်အသုံးအဆောင် ပစ္စည်းများ အဆင့်အတန်းရှိရှိဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများလည်း လိုအပ်ချက်မရှိစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ခရီးသည်ဝင်ရောက်မှု များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လျက်ရှိ၍ ဟိုတယ်လုပ်ငန်းများ၊ တည်းခိုခန်း များအနေဖြင့် လိုအပ်ချက်များမရှိစေရေး စီစဉ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ခရီးသွားများ သွားလာရေးအဆင်ပြေစေရန်အတွက် လမ်းပိုင်း အားနည်းမှုများအပေါ် ရရှိသည့်ရန်ပုံငွေ အပေါ်မူတည်၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အတွက် အချက်ပြဆိုင်းဘုတ် များနှင့် လမ်းညွှန်ဆိုင်းဘုတ်၊ အသိပညာပေးဆိုင်ဘုတ်များ စိုက်ထူရန်လိုပါကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် အပန်းဖြေရုံသက်သက် မကဘဲ  တိုင်းဒေသကြီးရှိ မြို့ကြီးများ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦ များနှင့် တခြားဆွဲဆောင်မှုရှိသည့်နေရာများ ရှာဖွေ၍ စိတ်ဝင်စားဖွယ်ရာ၊ လေ့လာ လည်ပတ်စရာ ခရီးစဉ်အသစ်များ ဖော်ဆောင်ရန်လိုအပ်ပြီး ခွင့်ပြုချက်များ ရယူဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ သတ်မှတ်အခွန်ပေးဆောင်ရန် လည်း ကြပ်မတ်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဟိုတယ်များ၊  တည်းခိုခန်းများအနေဖြင့် ခရီးသွားဝင်ရောက်မှုစာရင်းများ မှန်ကန်ရန် လိုအပ်ပါကြောင်း၊ ကမ်းခြေများ၌  လာရောက်အပန်းဖြေသည့် ပြည်သူများအား ထိခိုက်မှု တစ်စုံတစ်ရာမရှိစေရေးနှင့် လုံခြုံမှုအပြည့်အဝရရှိစေရန်အတွက်လည်း ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ဟိုတယ်များအနေဖြင့် လျှပ်စစ်အလုံအလောက်ရရှိရန်အတွက် ဆိုလာစနစ်၊ လေအားစနစ်များဖြင့် အားဖြည့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေ ပါကြောင်း၊  တစ်နှစ်ထက်တစ်နှစ် ခရီးသွားများ ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အတွက် တက်ရောက်လာသူများကလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။


ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဧရာဝတီ တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍဆိုင်ရာ အခြေအနေ၊ တိုင်းဒေသကြီးအတွင်း နှစ်အလိုက် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက်တည်းခိုမှုနှင့် ဝင်ငွေရရှိမှု အခြေအနေ၊ ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်တည်းခိုမှု အခြေအနေ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပပြုလုပ်မှု အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ချောင်းသာကမ်းခြေဟိုတယ်ဇုန်ဥက္ကဋ္ဌ၊ ငွေဆောင် ကမ်းခြေ ကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)