MNP ၊ အောက်တိုဘာ ၁၄
အရှေ့အလယ်ပိုင်းဒေသသည် စစ်ပွဲကြီးတစ်ခုဖြစ်လုနီးနေပြီဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်းကိုယ်စားလှယ် Vasily Nebenzia က အစ္စရေးနှင့် ဟားမတ်စ်တို့ကြား မကြာသေးမီက ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မှတ်ချက်ပေးပြောဆိုခဲ့သည်။ ရုရှား သံအမတ်ကြီးက ကြောက်စရာကောင်းသော အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့သည်။
သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးအပြီး မီဒီယာများသို့ ပြောကြားရာတွင် Nebenzia က “ဒေသသည် စစ်ပွဲအပြည့်နှင့် မကြုံစဖူးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခု ကျရောက်နေပါပြီ” ဟု ပြောကြားခဲ့သည်။ အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးက အရပ်သားများအား သတ်ဖြတ်မှုကို ရုရှားက ပြတ်ပြတ်သားသား ရှုတ်ချကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ “အောက်တိုဘာ ၇ ရက်က အစ္စရေးပိုင်နက်မှာ ဖြစ်ပျက်ခဲ့တာကို လက်မခံနိုင်ပါဘူး” ဟု တာဝန်ရှိသူက အလေးအနက် ပြောကြားခဲ့သည်။
ရုရှားသံအမတ်၏ ပြောကြားချက်အရ “အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲအတွက် တာဝန်ရှိမှုသည် အမေရိကန်နှင့် တိုက်ရိုက် သက်ဆိုင်သည်” ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူနှင့် ရုရှားတို့ ပါဝင်သော ကြားဝင်စေ့စပ်သူ လေးစု၏ အလုပ်ကို တာဝန်မဲ့စွာနှင့် အတ္တသဘောဖြင့် ဝါရှင်တန်က ပိတ်ပင်ထားကြောင်း Nebenzia က စွပ်စွဲခဲ့သည်။ အမေရိကန်သည် ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းနေသော်လည်း ပဋိပက္ခ၏ အရင်းခံအကြောင်းတရားများကို မဖြေရှင်းဘဲ ပါလက်စတိုင်းအပေါ် တွန်းအားပေးနေသည်ဟု ၎င်းက ဆိုသည်။
Ref - RT
https://t.me/MyanmarNationalPost
No comments:
Post a Comment