ကျောက်ဖြူ - မန္တလေး - မူဆယ် ရထားလမ်းစီမံကိန်း ပြီးစီးပါက မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူ - မန္တလေး - မူဆယ် ရထားလမ်းစီမံကိန်း ပြီးစီးပါက မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်


MNP ၊ အောက်တိုဘာ ၁၃

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ကျောက်ဖြူ - မန္တလေး - မူဆယ် ရထားလမ်းစီမံကိန်း ပြီးစီးပါက မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။


ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် အထောက်အကူပြုမည့် ကျောက်ဖြူ - မန္တလေး - မူဆယ်ရထားလမ်းစီမံကိန်းကိုလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း။


ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် Shareholders’ Agree-ment နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်ပြီး နှစ်ဖက်အဓိပ္ပာယ် ကွဲလွဲယူဆ၍ရနိုင်သည့် အချက်အချို့ရှိရာ ပြန်လည်ညှိနှိုင်းရမည့်အချက်များကို နိုင်ငံတော်အကြီးအကဲက ဆွေးနွေးညှိနှိုင်းရန်မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်၍ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများနှင့် Win Win ဖြစ်အောင် နှစ်ဖက်လုပ်ငန်းအဖွဲ့အချင်းချင်း ဆွေးနွေးမှုများ အပြုသဘောဆောင်ပြီး စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။


ဆွေးနွေးမှုများပြုလုပ်ပြီးပါက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေးအတွက် နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)ကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များကို သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကျောက်ဖြူစီမံ ခန့်ခွဲမှုကော်မတီများအနေဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်လိုကြောင်း။


ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ရန်လိုကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း။


နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများ အချိန်တိုအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှုများ ပြုလုပ်ထားပြီးဖြစ်သည့်အတွက် လိုအပ်သည့်ညှိနှိုင်းဆွေးနွေးမှုများကို အချိန်တိုအတွင်း ပြီးပြတ်အောင် ဆက်လက်လုပ်ဆောင်ပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အသိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။


အဆိုပါ အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)