MNP ၊ အောက်တိုဘာ ၇
တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nyingchi မြို့တွင် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အောက်တိုဘာ ၅ ရက်က ပြည်ထောင်စုဝန်ကြီးသည် လူလန်မြို့ ဇာရှီဂန်တိဗက်ကျေးရွာသို့ သွားရောက်၍ ကျေးလက်ပြည်သူများ ပြည်သူအခြေပြု ခရီးသွားလုပ်ငန်း (Community-Based Tourism) ဆောင်ရွက်နေမှု၊ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ရိုးရာမျှားပစ်ခြင်း၊ မြင်းစီးခြင်းနှင့် တောတွင်းလမ်းလျှောက်ခြင်းအစီအစဉ်များ ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုလေ့လာခဲ့သည်။
အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရိယာဟက်တာ ၄၃၀၀ ကျယ်ဝန်းသော လူလန် သဘာဝတောထိန်းသိမ်းရေးနယ်မြေသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူ များက အအေးပိုင်းတောင်ပေါ် အမြဲစိမ်းတောနှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ် ထားမှု၊ ရေဝေရေလဲဒေသများအား ထိန်းသိမ်းထားမှု၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ် ထိန်းသိမ်းရေး အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်သူများ အပန်းဖြေ အနားယူရန် ဆောင်ရွက် ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၃၀၀၀ ခန့်တွင်ရှိပြီး အကျယ်အဝန်း ၈၇၃၇ ဟက်တာရှိသော ယနီးအမျိုးသားရေတိမ်ဒေသ (Yani National Wetland Park) သို့သွားရောက်၍ တောင်တန်းရေသယံဇာတများ၊ မြက်ခင်းလွင်ပြင်များ၊ ရေခဲတောင် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်မှု၊ တောရိုင်းတိရစ္ဆာန်နှင့် ငှက်မျိုးစိတ်များအား ကာကွယ်စောင့်ရှောက်ထားမှုကို ကြည့်ရှုလေ့လာခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ လမလင်း ဗုဒ္ဓဘုရားကျောင်းသို့ သွားရောက်၍ ဖူးမျှော်ကြည်ညိုပြီး တိဗက်ရိုးရာ ဗိသုကာလက်ရာများနှင့် ဘာသာရေး ဓလေ့ထုံးထမ်းများကို လေ့လာခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment