MNP ၊ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)နှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး မြေပဲ၊ပဲတီစိမ်း၊ မတ်ပဲများစိုက်ပျိုးရာတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ အထွက်ကောင်းမျိုးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀)နာရီက ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)နှင့် ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာကော်မတီဝင်များဖြစ်ကြသည့် ရေအိုးစင်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ သစ်ခြောက်ခင်ကျေးရွာ၊ အောက်ကြာအင်းကျေးရွာ၊ အိုးဖိုကုန်းကျေးရွာများမှ မြစိမ်းရောင်စီမံကိန်းချေးငွေများဖြင့် ဆီထွက်သီးနှံစိုက်ပျိုးမှု အခြေအနေများအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တောင်သူများပန်းတိုင် ရည်မှန်းချက်ပြည့်မီရေးစိုက်ပျိုးနိုင်ရန် ဗီယက်နမ်မြေပဲမျိုး၊ မတ်ပဲမျိုးများဖြစ်သည့်TBL-9နှင့် ရေဆင်း-၇ မျိုးကောင်း မျိုးသန့်များအား မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက တောင်သူလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment