ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဆွေးနွေး


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယမန်နေ့ က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အားတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး NCA သဘောတူညီချက်များကို ချိုးဖောက်ခဲ့သဖြင့် NCA စာချုပ်ပျက်ပြယ်ပြီဟု အခြေအမြစ်မရှိ ပြောကြားမှုများ ပြုလုပ်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့်အညီ နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်ခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရေး တပ်မတော်အနေဖြင့် အမြဲဖိတ်ခေါ်လမ်းဖွင့်ထားပြီးဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်ရှိ ဒေသခံပြည်သူများအနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်လိုသည်ဟု သိရှိရပါကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိပါက ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပြီး ဒေသတစ်ခုချင်းအလိုက် တည်ငြိမ်အေးချမ်းမှုရှိခြင်းမှသည် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းလာပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စောမူတူးစေးဖိုးအနေဖြင့် NCA လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်ရှိ ပြည်သူ၊ ပြည်သားများ၏ ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေဆဲပင်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားပေးပါရန် ဖိတ်ခေါ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အဖွဲ့ဝင်များက အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားပါက အမုန်းတရားကိုအခြေခံ၍ ဆောင်ရွက်၍ရမည်မဟုတ်ကြောင်း၊ မိမိအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ်ကတည်းကပင် ယခုအချိန်အထိ ငြိမ်းချမ်းရေးရရှိရေးကိုသာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန် ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ NCA စာချုပ် ချုပ်ဆိုချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်ခိုင်မာသည့် တရားဝင်စာချုပ်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် သွားရမည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်း၊ NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားမှုများကို လက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ မိမိအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားပါကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို မကျင့်သုံးဘဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို လုံးဝလက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ သဘောတူညီချက်များဖြင့် ချုပ်ဆိုထားသည့် NCA လမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားရမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားကြပါတယ်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုတွေ့ဆုံမှုသည် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ NCA စာချုပ်သည် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များချုပ်ဆိုသည့် အမြင့်ဆုံးစာချုပ်တစ်ခုပင်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတော်တို့ချုပ်ဆိုထားသည့် ကတိကဝတ်ပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အကြား အာမခံချက်ပေးထားသည့် ကတိကဝတ်နှင့်သဘောတူညီချက် တစ်ခုပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သား များသည် ပြည်သူလူထု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ ပြည်သူလူထု၏ဆန္ဒဖြစ်သော NCA စာချုပ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိပါကြောင်း၊ မိမိတို့ထံသို့ လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်သကဲ့သို့ တပ်မတော်မှ ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့များကို စေလွှတ်ဆွေးနွေးပေးစေလိုပါကလည်း တိုင်းစစ်ဌာနချုပ်များတွင် ဆွေးနွေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ဖြစ်ပြီး PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ် (၂) ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု၏ဆန္ဒဖြစ် သော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တိုင်းရင်းသားများနှင့် ဒေသကိုကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ အများအပြား ရွေးကောက်ခံစင်မြင့်သို့ရောက်ရှိလာရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုးအနေဖြင့် NCA စာချုပ်ကို ကိုယ်တိုင်လက်မှတ်ရေးထိုး ပါဝင်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်ပြီး မကြာမီကျရောက်တော့မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုမှု (၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်နိုင်ရန် ဖိတ်ကြားပါကြောင်း ပြောကြားပါတယ်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကရင်တိုင်းရင်းသားခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် ရရှိပြီးသည့် ငြိမ်းချမ်းရေးပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ ပိုမိုခိုင်မာသည့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)