MNP ၊ အောက်တိုဘာ ၁၀
KIA ဌာနချုပ်တွင် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများတွင် "တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်တယ်၊ လေကြောင်းမှ ဗုံးကျဲတယ်" စသဖြင့် တပ်မတော်ကို ပစ်တင်ပုံချ၍ ရေးသားဖြန့်ဝေနေမှုများအပေါ် သတင်းမှန် ပြန်ကြားရေးအဖွဲ့အား ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်း က တပ်မတော်အနေဖြင့် လက်နက်ကိုင်သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်ကိုမဆို တပ်မတော်အနေနဲ့ ပစ်ခတ်နိုင်ပေမယ့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ပစ်ခတ်တိုက်ခိုက်တာမျိုး မရှိဘူး၊ လိုင်ဇာပေါက်ကွဲမှု ဖြစ်စဉ်ဟာ KIA ရဲ့ Drop Bomb သိုလှောင်တဲ့နေရာ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ် ဟု ဖြေကြားထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဒီလိုင်ဇာသတင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ခုက ကျွန်တော်တို့ အနေနဲ့ က ဒီနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ကျွန်တော်တို့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ကျွန်တော်တို့ ည သန်းခေါင်အချိန်လောက်ကြီးမှာ ဗုံးကျဲတိုက်ခိုက်တယ်တို့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ ဆိုတာ ဖြစ်နိုင်မလား ဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့ပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ မည်သည့်ဌာနချုပ်မဆို လက်နက်ကိုင် သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်မဆို ပစ်ခတ်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်။ သို့သော် ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ဘူးဆိုတာကို ကျွန်တော်တို့ ပြောပြီး ဖြစ်ပါတယ်။ အဲဒီမှာလည်း သတင်းအမျိုးမျိုး ပြောကြတာပေါ့လေ။ အဲဒီအဖွဲ့အစည်းကိုယ်တိုင်က သတင်းအမျိုးမျိုး ပြောနေတာ ရှိတယ်။ စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်တယ်၊ တပ်မတော်က လေယာဉ်နဲ့ ပစ်ခတ်တယ်၊ တချို့လည်း လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာမျိုး မတိမကျ မရေမရာပြောနေတာမျိုး ရှိတယ်။" ဟု ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပေါ်ရသည့် အခြေအနေနှင့် ပတ်သက်၍ "ကျွန်တော်အတိအကျ ပြောနိုင်တာတော့ ရှိတယ်။ အဲဒီနေရာပေါ့၊ အခု ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာသည် KIA အနေနဲ့ UAV တွေ သုံးပြီးတော့ မောင်းသူမဲ့ လေယာဉ်တွေသုံးပြီးတော့ တပ်မတော်စခန်းတွေကို Drop Bomb လာချတဲ့ နေရာ၊ စစ်ကြောင်းတွေပေါ်မှာ Drop Bomb လာချတဲ့ နေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ ဒီပေါက်ကွဲမှုသည် ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပဲ ဖြစ်တယ်။ ယခင်ကလည်း လိုင်ဇာအနီးမှာ KIA ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့တယ်။ သူတို့အနေနဲ့ သတင်းဖုံးကွယ်ပြီး လုပ်ခဲ့တာမျိုး ရှိတယ်။ အခုလည်း Drop Bomb တွေ သိုလှောင်တဲ့ နေရာ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ မြေပြင်သတင်းကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။" ဟု သုံးသပ်ပြောဆိုထားသည်။
ယမန်နေ့ညက KIA ဌာနချုပ် လိုင်ဇာပေါက်ကွဲမှုအတွင်း လူ ၃၀ ထပ်မနည်း သေဆုံးခဲ့ရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment