နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်အားပေးပြီး Myanmar Agri Foods Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှု အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်အားပေးပြီး Myanmar Agri Foods Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှု အားပေး






MNP ၊ အောက်တိုဘာ    ၁၃

၂၀၂၃ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်(၈)မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၁ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်(၈)မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို  ကြည့်ရှုအားပေးကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများနှင့် ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားအား လည်းကောင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းနှင့် တတိယဆုရရှိသည့် ဇေယျာသီရိမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း  ဆုများအသီးသီး ချီးမြှင့်ကြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းလောင်းအားကစားကွင်းရှိ ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးပြီး ဘောလုံးအားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ စေလိုကြောင်းနှင့် လိုအပ်သည်များမှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ အဖွဲ့ဝင် ပျဉ်းမနားမြို့၊ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿ မထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး  ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ် လှူဒါန်းသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကျီအင်းကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများနှင့် အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်၍ ဟင်းသီးဟင်းရွက် အေးခဲထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co., Ltd သို့ ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ တောင်သူလယ်သမားများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေး၊ ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင် အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း၊ လူလျှောက်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကန်တော်မင်္ဂလာရှမ်းကန် အတွင်း/အပြင်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းများ ပြည့်မီစွာ ဆောင်ရွက်ရန်၊ ကန်ပတ်လည်တွင် ရာသီမရွေး ပွင့်လန်းစေမည့် ပန်းအလှပင်များနှင့် အရိပ်ရပင်များ စိုက်ပျိုးရန်၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်တွင် အမြဲမပြတ် သန့်ရှင်းစေရေး ဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ နေပြည်တော်ကောင်စီလမ်း လမ်းဘေးဝဲယာတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းများတွင် အမြဲမပြတ်သန့်ရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)