NCA မသေပါဘူး ဟု (ပြည်ထောင်စုဝန်ကြီး - ငြိမ်း) ဦးအောင်မင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NCA မသေပါဘူး ဟု (ပြည်ထောင်စုဝန်ကြီး - ငြိမ်း) ဦးအောင်မင်း ပြောကြား


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် MICC-2 တွင် ကျင်းပခဲ့ရာ ငြိမ်းချမ်းရေးအကျိုးဆောင် (ပြည်ထောင်စုဝန်ကြီး - ငြိမ်း) ဦးအောင်မင်း က ဂုဏ်ပြုစကား ပြောကြားခဲ့ရာတွင် "NCA အလုပ်မဖြစ်ဘူးလို့ ပြောနေကြပါတယ်။ ကျွန်တော့်အမြင် ကတော့ နိုင်ငံရေးအရအဖြေရှာမှုကို ဆန့်ကျင်နေသရွေ့တော့ NCA အကောင်အထည် ဖော်မှုကို ထိခိုက်နေမှာအမှန် ဖြစ်ပါတယ်။ NCA သေဆုံးသွားပြီလို့ ပြောနေကြပါတယ်။ NCA မသေပါဘူး။ ယနေ့ လုပ်တဲ့ ပွဲက သက်သေဖြစ်ပါတယ်။" ဟု ပြောကြားသွားခဲ့သည်။

(ပြည်ထောင်စုဝန်ကြီး - ငြိမ်း) ဦးအောင်မင်း က "ကျွန်တော့်အနေနဲ့ NCA ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်ဟာ ပထမဆုံး ပြည်ထောင်စုလွှတ်တော်က ရွေးချယ် တင်မြှောက်တဲ့ နိုငငံတော်သမ္မတဖြစ်လာပါတယ်။  ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့က - 

(၁)   မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခများဟာ နှစ်ပေါင်း (၇၀)ခန့် ကြာမြင့်ခဲ့ပြီးဖြစ်တယ်။

(၂)    အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ကြတယ်။ အောင်မြင်မှုများ ရရှိခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး သွားတာတွေရှိတယ်။

(၃)   ဒါကြောင့် ငြိမ်းချမ်းရေးကို ထာဝရ ရရှိအောင် ဆောင်ရွက် ကြမယ်လို့ သန္နိဋ္ဌာန် ချခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစမှာ အပစ်အခတ်ရပ်စဲရေးကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်ဟာ ဒီမိုကရေစီစနစ်ကို ပြောင်းနေပြီဖြစ်လို့ အပစ်ရပ်ပြီး ဒီမိုကရေစီဘောင်ထဲအားလုံးပါဝင်လာကြရင် ငြိမ်းချမ်းရေးရလာ လိမ့်မယ်လို့ ကနဦးစဉ်းစား ခဲ့ပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးကို စတင်ကြိုးစားလာတဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ တွေ့လာရပါတယ်။ ပထမစိန်ခေါ်မှုကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အပေါ် သဘောမတူညီတဲ့အချက်တွေ ရှိနေကြတယ်။ ဒုတိယကတော့ ဒီမိုကရေစီပြောင်းလဲမှု ပြုလုပ်တဲ့အခါတိုင်းမှာ ဖြစ်ပေါ်လာတတ်တဲ့ မတည်ငြိမ်မှုတွေပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကျွန်တော်တို့ အကူးအပြောင်းလုပ်ခဲ့တဲ့ပုံစံက တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ တပ်မတော်အစိုးရကနေ ဦးဆောင်ပြီး ပြောင်းခဲ့တဲ့ပုံစံဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဗဟိုပြုပြီး ပြောင်းလဲတဲ့ပုံစံကို ဦးတည်ခဲ့ပါတယ်။ ဒါကြောင့် NCA စာချုပ်ဟာ အပစ်အခတ်ရပ်စဲရေး တစ်ခုထဲမဟုတ်ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ လမ်းကြောင်းကို အုတ်မြစ်ချခဲ့တဲ့ စာချုပ်လို့လည်း ပြောလို့ရပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ အစိုးရစဉ်းစားခဲ့တဲ့ပုံစံကနေ အများကြီး ပြောင်းလဲ ခဲ့တဲ့ ချဉ်းကပ်မှုအသစ်တွေတွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေ အပြီးမှာတော့ NCA စာချုပ်ကို အကောင်အထည်ဖော်ရမယ့်အချိန် ဖြစ်လာ ပါတယ်။ ရွေးကောက်ပွဲရလဒ်အရ အစိုးရအသစ်ဖြစ်လာတဲ့ NLD ပါတီ အနေနဲ့လည်း စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ပါတယ်။" ဟု ပြောကြားသည်။

NCA စာချုပ် ဖြစ်ပေါ်လာခဲ့ပြီး လမ်းကြောင်းပြောင်းလဲသွားပုံနှင့် ပတ်သက်၍ ဦးအောင်မင်း က "ကျွန်တော်တို့ ယခင်စဉ်းစားခဲ့တဲ့ချဉ်းကပ်မှုနဲ့ မတူခဲ့ပါဘူး။ ကျွန်တော် တို့က ငြိမ်းချမ်းရေးကို အခြေခံပြီး ဒီမိုကရေစီအကူးအပြောင်း လုပ်မယ်ဆိုတဲ့ လမ်းကြောင်းကနေ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး နိုင်ငံရေးအကူးအပြောင်းကို လုပ်မယ့် လမ်းကြောင်းကို ပြောင်းသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဦးစားပေးအဆင့် (၁)နေရာမှ အဆင့်လျော့ချခြင်း ခံခဲ့ရပါတယ်။ NCA လက်မှတ်ရေးထိုးတဲ့နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောခဲ့တဲ့ မိန့်ခွန်းကို အမှတ်ရနေပါတယ်။ သမ္မတကြီးက NCA ရဲ့ အနှစ်သာရဟာ ဒီစာချုပ်ကို အားလုံးဝိုင်းဝန်းပြီး ဘယ်လိုအကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာ မူတည်လိမ့်မယ်။ စာချုပ်ကို အကောင်အထည်ဖော်ကြတဲ့အခါ ဒီစာချုပ်ရဲ့အနှစ်သာရ သဘော သဘာဝကို ဘယ်လောက် လေးလေးနက်နက် လက်ခံလဲဆိုတဲ့အချက်တွေမှာ မူတည် ပါလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ NCA စာချုပ်ဟာဆိုရင် ငြိမ်းချမ်းရေး သဘောတူညီချက်တွေရအောင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်မလဲ၊ အပစ်အခတ်ရပ်စဲရေး ခိုင်ခန့်အောင် ဘယ်လိုလုပ်မလဲ၊ အပစ်အခတ်ရပ်စဲထားတဲ့ဒေသတွေမှာ အရပ်သားလူထုကို ဘယ်လိုအကာအကွယ်ပေးမလဲ ဆိုတာကို (peace process framework) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျောရိုးတစ်ရပ်ကို သဘောတူညီထားတဲ့စာချုပ် ဖြစ်ပါတယ်။" ဟု ရှင်းလင်းပြောဆိုသွားသည်။


(ပြည်ထောင်စုဝန်ကြီး - ငြိမ်း) ဦးအောင်မင်း က -

ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အခုချိန်မှာ မပြီးပြတ်သေးပါဘူး။ ကျွန်တော်တို့ သဘောတူညီခဲ့ကြတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည် မဖော်နိုင်ခဲ့ကြသေးပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း ငြိမ်းချမ်းရေးမှာ ဒီရေတက်ချိန်၊ ကျချိန်ဆိုတာ ရှိတတ်ပါတယ်။ ငြိမ်းချမ်းရေး ဒီရေကျတဲ့အချိန်ကို ငြိမ်းချမ်းရေးပျက်တယ်လို့  မြင်လို့မရပါဘူး။ ငြိမ်းချမ်းရေးက ရှိနေဆဲဖြစ်ပါတယ်။

NCA  စာချုပ်မှာ အင်မတန်အရေးကြီးတဲ့ အချက်တစ်ခုပါရှိပြီး ဖြစ်ပါတယ်။ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တိုင်းဟာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့အချက်ကို သဘောတူ လက်ခံတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လို စနစ်မျိုးနဲ့ ထူထောင်သွားမယ်ဆိုတာကို လက်ခံပြီး ဖြစ်ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံသမိုင်းမှာ အင်မတန် အရေးပါတဲ့ နိုင်ငံရေးသဘောတူညီချက် ဖြစ်ပါ တယ်။ ဒီအချက်ကို ကျွန်တော်တို့အားလုံး လက်ခံထားသရွေ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဆက်လက်ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။

NCA အလုပ်မဖြစ်ဘူးလို့ ပြောနေကြပါတယ်။ ကျွန်တော့်အမြင် ကတော့ နိုင်ငံရေးအရအဖြေရှာမှုကို ဆန့်ကျင်နေသရွေ့တော့ NCA အကောင်အထည် ဖော်မှုကို ထိခိုက်နေမှာအမှန် ဖြစ်ပါတယ်။

NCA သေဆုံးသွားပြီလို့ ပြောနေကြပါတယ်။ NCA မသေပါဘူး။ ယနေ့ လုပ်တဲ့ ပွဲက သက်သေဖြစ်ပါတယ်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လားရှိုးမြို့ ခရီးစဉ် ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ လက်နက်ကိုင် ပဋိပက္ခများရဲ့ သမိုင်းကြောင်းကို အသေးစိတ် ရှင်းပြခဲ့ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ကျွန်တော်တို့ဟာ ပါတီစုံဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေး အရ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိတယ်၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်း အသိ သက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြတယ်၊ Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်တယ်၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှာလဲ ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် သွားမည်ဆိုတဲ့ အချက်ကိုတွေ့ရသလို နိုင်ငံရေးဦးတည်ချက်တွေမှာလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက် နိုင်ရေး ဦးတည်ချက်ထားတာကို တွေ့ရပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီအကူးအပြောင်း အောင်မြင်ဖို့အတွက် NCA ကို အကောင်အထည်ဖော်နိုင်ဖို့က အရေးကြီးပါတယ်။ သို့မှသာ NCA လမ်းကြောင်း ပေါ်မှာပဲ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။  

ကျွန်တော်တို့အားလုံး နောင်အနာဂတ်မျိုးဆက်တွေအတွက် NCA ရဲ့ ဦးတည်ချက် ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာနိုင်ရေး ဝိုင်းဝန်းကြိုးစားကြဖို့ ဆန္ဒပြုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)