တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြားသော မိန့်ခွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြားသော မိန့်ခွန်း




MNP ၊ အောက်တိုဘာလ ၁၅

၁။ လေးစားအပ်ပါသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ (၈)နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။

၂။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြတာ ယနေ့ဆိုလျှင် (၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ မိမိအနေနဲ့ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့ရဲ့ကိုယ်စား မိန့်ခွန်းပြောကြားခွင့်ရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိရပါကြောင်း ပြောကြားလိုပါတယ်။ (၈) နှစ်မြောက် အခမ်းအနားကို ပူးတွဲပြီး အခုလို စုံစုံညီညီ ပြန်လည်ကျင်းပပေးတဲ့အတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အထူးကျေးဇူးတင်ရှိပါတယ်။


၃။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှစ်ပတ်လည် အခါသမယတွင် အခမ်းအနားကျင်းပကြခြင်းမှာ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုဖို့နဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများကို ပြန်လည်အမှတ်ရစေကာ သင်ခန်းစာယူနိုင်ကြဖို့ဖြစ်ပါတယ်။ NCA သဘောတူညီရရှိအောင် ကြိုးပမ်းခဲ့ကြသော ဦးသိန်းစိန်ဦးဆောင်သော အစိုးရဘက်မှတာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဘက်မှ NCCT, SD နဲ့ တာဝန်ရှိသူများအားလုံးကို ဒီနေရာကနေ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကိုယ်စား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။


၄။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးခဲ့သည့်သာကမ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်သလို တွေ့ဆုံဆွေးနွေးခြင်းလမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း အလျှော့အတင်းမလုပ်နိုင်ခဲ့သဖြင့် NCA အကောင်အထည် ဖော်ဆောင်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်ခဲ့ရပါတယ်။ (၈)နှစ်တာကာလကြာမြင့်သည့်တိုင် NCA ကို အကောင်အထည်မဖော်နိုင်ခဲ့လို့ ပြည်ထောင်စုကြီးအတွက် များစွာနှမျောမိပါတယ်။


၅။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် NCA အကောင်အထည်ဖော်မှုသည်လည်း ရပ်တန့်သွားခဲ့ရပါတယ်။ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက်အချိန်တွေ အလဟဿ ဖြစ်ခဲ့ရပါတယ်။


၆။ သို့သော်လည်း NCA လက်မှတ်ရေးထိုးထားခဲ့ကြသော မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် NCA ၏ အနှစ်သာရများဖြစ်တဲ့ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနဲ့ အရပ်သားများကို အကာအကွယ်ပေးရေး စတဲ့မူများကိုကိုင်စွဲကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့တယ်။ ကြိုးပမ်းနေဆဲလည်း ဖြစ်တယ်ဆိုတာကို သက်ဆိုင်သူအားလုံးကို အသိပေးတင်ပြလိုပါတယ်။


၇။ မိမိတို့ပြည်ထောင်စုကြီးဟာ လွတ်လပ်းရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ပွားကာ တိုင်းပြည်မငြိမ်းမချမ်း ဖြစ်ခဲ့ရပါတယ်။ လက်ရှိကာလမှာလည်း နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည့်အပြင် စီးပွားရေးနှင့် လူမှုရေးကဏ္ဍများမှာလည်း ဘက်ပေါင်းစုံအခက်အခဲများကို ပြည်သူလူထုတစ်ရပ်လုံး ဒုက္ခများစွာရင်ဆိုင်နေရပါတယ်။ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ခဲ့လို့ ယနေ့တိုင်းပြည်ဟာ စစ်ရေးပဋိပက္ခနဲ့ နောက်ဆက်တွဲအကျိုးအဆက်များကို ရင်ဆိုင်ကြုံတွေ့နေရပြီး တိုင်းပြည်ရဲ့ဘက်ပေါင်းစုံ အကျပ်အတည်းကို ပိုမိုပြီးဆိုးဝါးသထက် မဆိုးဝါးလာစေရန် ဝိုင်းဝန်းပြီး အဖြေရှာရမည့်အချိန်ရောက်ပြီလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။


၈။ ဒီနေ့ကာလဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် အချိန်ကျရောက်နေပါပြီ။ ဒီအတွက် သက်ဆိုင်သူများအကြား ယုံကြည်မှ တည်ဆောက်နိုင်ရေးကလည်း လိုအပ်နေပါတယ်။ သူ့မူကိုယ့်မူ အသေစွဲကိုင်နေကြမယ်ဆိုရင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ မပါရှိတဲ့ ဆွေးနွေးညှိနှိုင်းခြင်းကသာ ပြည်ထောင်စုကြီးရဲ့ထွက်ရပ်လမ်း ဖြစ်ပါတယ်။ နိုင်ငံတကာမိသားစုကြီးကိုလည်း မိမိတို့တိုင်းပြည်ရဲ့ အကျပ်အတည်းကိုအားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲများဖြင့် ဆွေးနွေးအဖြေရှာသွား နိုင်ရေးပံ့ပိုးကူညီကြဖို့ အဆိုပြု တိုက်တွန်းလိုက်ပါတယ်။


၉။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုဦးတည်ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အချိန်တန်ပါပြီ။ နိုင်ငံရေးပြဿနာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဖို့လိုသလို ဥပဒေကလည်း အားလုံး လက်ခံနိုင်တဲ့ဥပဒေ ဖြစ်ဖို့လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။


၁၀။ နိဂုံးချုပ်အနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပြည်ထောင်စုကြီးအတွင်းမှာ မတူကွဲပြားမှုများကို အပြန်အလှန် အသိအမှတ်ပြုပြီး ပေါင်းစည်းအင်အားအဖြစ် စုစည်းနိုင်ရန်မှာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပဲဖြစ်ကြောင်း တင်ပြလိုပါတယ်။ နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံတစ်နိုင်ငံအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမှာ အခက်အခဲနဲ့ စိန်ခေါ်မှုများ ကြီးမားနေမှာဖြစ်သလို ဒီအတွက် နိုင်ငံရေးဆန္ဒရှိမှုဟာလည်း အရေးကြီးဆုံး အချက်ဖြစ်တယ်ဆိုတာကို မီးမောင်း ထိုးပြလိုပါတယ်။ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ တွေ့ဆုံညှိနှိုင်းပွဲကနေ လက်ရှိနိုင်ငံရေးအကျပ်အတည်းကိုကျော်လွှားကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်တဲ့အထိ အားလုံးနဲ့အတူ မဆုတ်မနစ် ကြိုးပမ်းသွားပါ့မယ်လို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)