MNP ၊ အောက်တိုဘာ ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023)သို့ တက်ရောက်ကြသည်။
အဆိုပါ Forum သို့ နိုင်ငံပေါင်း ၆၀ ကျော်မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဝန်ကြီးများ၊ သံတမန်များနှင့် CIS မှ လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံတကာမှ လွှတ်တော်အမတ်များ၊ နိုင်ငံတော်နှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဆဋ္ဌမအကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023) တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် ခေတ်မီပြခန်းများနှင့် ပုံစံငယ်များကို လိုက်လံကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မျက်နှာစုံညီအစည်းအဝေး (Plenary Session) တွင် “ Technological Sovereignty and Low-Carbon Energy : Looking to Tomorrow ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအစီအစဉ်သို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက စွမ်းအင်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်နေမှုများနှင့် ကမ္ဘာကြီးပူနွေးလာမှု၊ ၎င်းကာဗွန်ဒိုင်အောက်ဆိုဒ်များ လျှော့ချနိုင်ရေးအတွက် သန့်စင်သောစွမ်းအင် (Green Energy) များ အသုံးပြုနိုင်မှု၊ နျူကလီးယားနည်းပညာမှ စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုမရှိဘဲနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မှုတို့ကို ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom ၏ အကြီးအကဲဖြစ်သူ ဥက္ကဋ္ဌ အလက်ဆီလီ ကာချော့နှင့်သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ Nuclear Infrastructure အတွက် နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023) ၏ စုံညီအစည်းအဝေးသို့ တက်ရောက်ကြသည်။
ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး စွမ်းအင် ကဏ္ဍတွင် အပြင်းထန်ဆုံးသော ပြဿနာများကို ဖြေရှင်းရေး၊ အပြည်ပြည်ဆိုင်ရာအစီအစဉ်၊ ရာသီဥတု၊ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ စက်သုံးဆီနှင့် စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် REW 2023 ဆွေးနွေးမှုများတွင် ပါဝင်သူများက စွမ်းအင်ထောက်ပံ့မှုနှင့် ကုန်ကြမ်းများအတွက် ကမ္ဘာ့ဈေးနှုန်းများဖွဲ့စည်းပုံ၊ ရေနံလုပ်ငန်းအတွက် အလားအလာနှင့် ရာသီဥတုဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment