MNP ၊ နိုဝင်ဘာ ၂၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ကျန်းရှီပြည်နယ် နန်ချန်းမြို့၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြသည်။ အဆိုပါ ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်ကို “Inheritance and Innovation of Traditional Medicine, Globalization of Traditional Medicine, and Protection of Traditional Medicine Intellectual Property Rights” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန် စသည့် နိုင်ငံများပါဝင်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အစည်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ မွန်ဂိုလီးယား စသည့်နိုင်ငံများ ပါဝင်သည့် လေ့လာသူနိုင်ငံများ၊ မြန်မာ၊ ဘာရိန်း၊ ကူဝိတ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများ ပါဝင်သည့် ဆွေးနွေး ဖက်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ် တိုင်းရင်းဆေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။
တရုတ်နိုင်ငံနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူ နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၏ တိုင်းရင်းဆေးဝါး အရည်အသွေး ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်မှု ဆန်းသစ်တီထွင် ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဉာဏပစ္စည်း မူပိုင်ခွင့် ကာကွယ်ခြင်းကိစ္စရပ်များကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment