ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်လျက်ရှိတဲ့ အကြမ်းဖက်မှုတွေနဲ့အတူ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ပြည်ပနိုင်ငံများရဲ့ မမှန်ကန်သော ရပ်တည်ချက်များကြောင့် မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်အဖွဲ့အစည်းများက လက်နက်၊ ငွေကြေး အထောက်အပံ့ရပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာကို သတ်ဖြတ်နေကြဆဲ ဖြစ်ပါတယ်။
ကျွန်တော် နောင်တော်လေး ကတော့ အစိုးရကို တောင်းဆိုချင်ရင်လည်း ဆန္ဒပြတယ်၊ ပြည်သူများကို ပြောချင်ရင်လည်း ဆန္ဒပြပါတယ်။ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်နေမှုများနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံများကို ပြောချင်ရင်လည်း ဆန္ဒပြပါတယ်။ ကျွန်တော်တို့ ဆန္ဒပြခြင်းဟာ တိုင်းဖျက် ပြည်ဖျက် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ဆန္ဒပြခြင်း မဟုတ်ပါဘူး။ လိုက်ပါ ပူးပေါင်းမယ့်သူ မရှိရင်လည်း တစ်ယောက်တည်း ပြပါတယ်။ လိုက်ပါ ပူးပေါင်းဆောင်ရွက်သူများ ရှိရင်လည်း အမျိုးသားရေး ယုံကြည်ချက် တူညီသူတိုင်းနှင့် လက်တွဲ ဆောင်ရွက်ပါတယ်။
၁၆ - ၁၁-၂၀၂၃ ရက်နေ့က နေပြည်တော်၊ မြို့တော်ခန်းမရှေ့မှာပဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုများနဲ့ ပတ်သက်လို့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ မိမိကဲ့သို့ အမျိုးသားရေးယုံကြည်ချက်ရှိတဲ့ ဆရာတော်သံဃာတော်တွေနဲ့ အမျိုးသားရေးညီအစ်ကို မောင်နှမတွေရဲ့ ဝန်းရံမှုနဲ့ပဲ အကျဉ်းရုံး ဆောင်ရွက်ခဲ့ပါတယ်။
ယနေ့ (၁၉-၁၁-၂၀၂၃) ရက်နေ့မှာလည်း ရန်ကုန်က အမျိုးသားရေးလှုပ်ရှားသူများကလည်း ထပ်မံဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် နေပြည်တော်မှာလည်း ထပ်မံစီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားရေးလှုပ်ရှားသူများကိုလည်း လက်လှမ်းမီသ၍ ချိတ်ဆက်ဆောင်ရွက်ပါတယ်။ တချို့လည်း ဘာသာရေးအခမ်းအနားတွေ ရှိနေတာကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြပါဘူး။ တချို့လည်း အမျိုးသားရေး ယုံကြည်ချက် ခံယူချက် တူလို့ လက်တွဲခဲ့ကြပေမယ့် မလိုလားအပ်တဲ့ အမြင်တွေ ရှိတာကြောင့် ပူးပေါင်းဆောင်ရွက်ကြခြင်း မရှိပါဘူး။
ကျွန်တော်ကတော့ မိမိ စီစဉ်ထားတဲ့ ကိစ္စ ပူးပေါင်းဆောင်ရွက်သူ ရှိရင်လည်း welcome ပါ။ မရှိလည်း တစ်ယောက်တည်း လုပ်ပါတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘာအကြောင်းကြောင့်မှ အပျက်ခံရိုး မရှိပါဘူး။ အမျိုးသားရေးစိတ်ဓာတ်ရှိကြတယ်။ အခြေအနေ အချိန်အခါအရ မထွက်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်။ မလိုလားအပ်သော အမြင်များ ရှိကြတဲ့အတွက်လည်း ပူးပေါင်းပါဝင်မှု နည်းပါတယ်။ လူမိုက်က နောင်တော်လေး ဝန်းရံပေးခဲ့ကြတဲ့ ဆရာတော်သံဃာတော်၊ အကို၊ အမများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တို့ ဒီကနေ့ ဆန္ဒပြပွဲမှာ ကြွေးကြော်ခဲ့ကြတာကတော့ -
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ - ဒို့ရန်သူ
ပြည်ထောင်စုကို ဖြိုခွဲမည့်အကြံ - ဒို့လက်မခံ
အကြမ်းဖက်အဖွဲ့အစည်းများကို ပံ့ပိုးပေးနေသူ - ဒို့ရန်သူ
ပြည်ပအားကိုး ပုဆိန်ရိုးများ - အလိုမရှိ
မြန်မာပြည်တဝှမ်းမှာ ငြိမ်းချမ်းရေးပန်းများ - ပွင့်လန်းပါစေ
နေပြည်တော်ကောင်စီရုံးရှေ့အရောက်မှာ KNPP/PDF အကြမ်းဖက်အဖွဲ့တွေက လွိုင်ကော်တက္ကသိုလ် ကိုသိမ်းပိုက်ပြီး ပါမောက္ခတစ်ဦးကို ရက်စက်စွာသတ်ဖြတ်၊ ဆရာ/ဆရာမနဲ့ ဝန်ထမ်းတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့တာနဲ့ ပတ်သက်တဲ့ မှတ်တမ်းကို ပြသပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။
(၁) ကျွန်တော်တို့ ပြည်သူများဟာ အကြမ်းဖက်သမားများကိုလည်း မပြောဝံ့၊ အစိုးရထံလည်း မတောင်းဆိုရဲ။ ဒီလို အဖြစ်ဆိုးမျိုးတွေ နောက်ထပ် မဖြစ်ရလေအောင် ကျွန်တော်ပြည်သူများက အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ကြဖို့ အသံလေးတော့ ထွက်သင့်ပါတယ်။ ကျွန်တော်တို့ လုံခြုံအေးချမ်းတဲ့နေရာမှာ ကိုယ့်မိသားစုနဲ့ကိုယ် သာယာနေကြပေမယ့် အကြမ်းဖက်သမား သောင်းကျန်းနေတဲ့ နယ်မြေတွေမှာ ကိုယ့်တိုင်းရင်းသားတွေ အကြမ်းဖက်သမား လက်ချက်နဲ့ များစွာ သေဆုံးခဲ့ရပြီ။ အစိုးရကို အပြစ်ထိုင်ပြောနေမယ့်အစား မိမိတို့အနေနဲ့ကလည်း အကြမ်းဖက်မှုတွေရပ်ကြဖို့ ပြောရင်း၊ အစိုးရကိုလည်း အကြမ်းဖက်နှိမ်နင်းရေး အလေးထားလုပ်ဆောင်ဖို့ ပြောကြရမှာ ဖြစ်ပါတယ်။
(၂) အကြမ်းဖက်သမားများ မင်းတို့က တက္ကသိုလ်ကျောင်းကြီးကို သိမ်းပိုက်ပြီး အကြမ်းဖက်စခန်းလုပ်မှာလား။ မင်းတို့ရဲ့ မြို့သိမ်း၊ ရွာသိမ်း တိုက်ပွဲတွေကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ အတိဒုက္ခရောက်နေကြရပြီ။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်ရုံးဖွင့်လို့ ကန့်ဘလူ၊ ပဇီကြီးမှာလည်း ခြေမှုန်းခံခဲ့ရပြီးပြီ။ နေရာတိုင်းကို ပဇီကြီးလို ဖြစ်စေချင်နေတာလား။ မင်းတို့ရဲ့ လုပ်ရပ်တွေကို အဆုံးသတ်ကြဖို့ကောင်းပြီ။
(၃) ကယားပြည်နယ်အစိုးရအဖွဲ့ကို အကြမ်းဖက်သမားတွေ လုပ်သမျှ လည်ဆင်းခံပေးနေသလို မြင်ရတာ စိတ်မကောင်းဖြစ်မိတယ်။ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို အသုံးချပြီး အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးကို အလေးထား လုပ်ဆောင်တာမျိုးလည်း ဖြစ်သင့်ပါပြီ။ နေ့စဉ်နေ့တိုင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို အကြမ်းဖက်သမားများက သတ်ဖြတ်နေတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားခံ ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်နေပါတယ်။ အဲဒီလို ထုတ်ပြန်ချက်ပေါင်း ထောင်ချီခဲ့ပြီ။ အကြမ်းဖက်သမား တရားခံ ဘယ်နှယောက် မိပါပြီလဲ။ ကျွန်တော် ရဲတပ်ဖွဲ့ဝင်တွေကို အပြစ်မမြင်ပါဘူး။ ရဲအရာရှိကြီးများကို မေးခွန်းထုတ်ပါတယ်။ သံဃာတပါး အသတ်ခံလိုက်ရပြန်ပြီ။ ဆရာမ တစ်ယောက် အသတ်ခံလိုက်ရပြန်ပြီ။ ဟာ . . . ဟင် နဲ့ပဲ ကျွန်တော်တို့ ပြီးသွားခဲ့တယ်။
(၄) အခုလို အကြမ်းဖက်အဖွဲ့တွေ ရပ်တည်နေနိုင်တာ ဘာကြောင့်လဲ။ ပြည်ပနိုင်ငံတွေက ပံ့ပိုးပေးနေခြင်းကြောင့် ဖြစ်တယ်။ အခု မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ က တိုက်ခိုက်လာတဲ့ ဖြစ်စဉ်တွေမှာ တရုတ်ရဲ့ လက်နက်တွေ ပါဝင်လာတာ တွေ့ရတယ်။ ဦးတရုတ်ကြီးကို ကျွန်တော် မောင်မြန်မာက မေတ္တာရပ်ခံပါတယ်။ ဦးတရုတ်ကြီး အနေနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် မလုပ်ပါနဲ့။ အကြမ်းဖက်အဖွဲ့အစည်းတွေကို ပံ့ပိုးပေးတာမျိုး မလုပ်ပါနဲ့။ တရုတ်သမ္မတကြီး ၂၀၂၀ မြန်မာပြည်ကို လာစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး တရုတ်နယ်မြေကို အသုံးချပြီး မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တာမျိုး ခွင့်မပြုပါဘူး။ တရုတ်ပြည်က သောင်းကျန်းသူတွေကို လက်နက်ပံ့ပိုးပေးနေတယ်ဆိုတာမျိုးတွေ မလုပ်ပါဘူးလို့ ပြောခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ ကိုင်ထားတဲ့ လက်နက်တွေမှာ တရုတ်လက်နက်တွေ တွေ့နေရပါတယ်။ သမ္မတကြီး ရှီကျင်းဖျင်အနေနဲ့ မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုသည့်အတိုင်း သစ္စာစောင့်သိပေးဖို့ တောင်းဆိုလိုပါတယ်။ ယခု လက်ရှိ မြန်မာပြည် မြောက်ဖျားမှာ ကလေးသူငယ်တွေများစွာ စစ်ဘေးဒုက္ခ ရင်ဆိုင်နေကြရပြီ။ ဒီကလေးငယ်တွေရဲ့ အနာဂတ် ပျောက်ဆုံးအောင် လုပ်နေတာ တရုတ် ပယောဂမကင်းဘူး။ တရုတ်မှာ တာဝန်ရှိတယ်။
ဆိုတဲ့ (၄)ချက်လောက်ကို ပြောခဲ့ပါတယ်။
ကိုသန့်ဇင် နှင့် ကိုရွှေထားတို့ကလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရက အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်ဖို့၊ တရုတ်အနေနဲ့ သောင်းကျန်းသူများကို ပံ့ပိုးပေးနေတာမျိုး မလုပ်ဖို့၊ မြန်မာပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုများမှာ အနောက်အုပ်စုရဲ့ ပံ့ပိုးမှုတွေ ပါသလို တရုတ်ကလည်း ထိုနည်းတူစွာ လုပ်ဆောင်လာတဲ့အပေါ်မှာ အကြမ်းဖက်အုပ်စုများကို ပံ့ပိုးခြင်းမပြုဖို့ မေတ္တာရပ်ခံ ပြောဆိုပြီး အခမ်းအနားကို နိဂုံးချုပ်ခဲ့ကြပါတယ်။
ဒီလို ကိစ္စတစ်ခု စီစဉ်တဲ့အခါ အမျိုးသားရေးရဲ့ သရုပ်မှန်ကို တွေ့ရပါတယ်။ ဆန္ဒပြခြင်းဟာ တစ်ယောက်တည်းလည်း ဖြစ်သလို ထင်းစီးပမာ ပေါင်းစည်းအင်အားနဲ့ ဆောင်ရွက်လျင် ပိုပြီး ကောင်းမွန်ပါတယ်။ နေပြည်တော်မှာ ပေါင်းစပ် ဆောင်ရွက်နိုင်မှု အားနည်းခဲ့တဲ့ သင်ခန်းစာတစ်ခုတော့ ရပါတယ်။
မည်သို့ပင် ဆိုစေ ပြည်သူတစ်ဦးတစ်ယောက်ရဲ့ သဘောထားကိုလည်း အစိုးရတာဝန်ရှိသူများ သိရှိနိုင်စေရန် အကြမ်းဖက်မဖက်သောနည်းနဲ့ မိမိရဲ့ လိုလားချက်၊ ထင်မြင်ယူဆချက်များကို တင်ပြခြင်းဖြစ်ပါတယ်။
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ - ဒို့ရန်သူ
ပြည်ထောင်စုကို ဖြိုခွဲမည့်အကြံ - ဒို့လက်မခံ
အကြမ်းဖက်အဖွဲ့အစည်းများကို ပံ့ပိုးပေးနေသူ - ဒို့ရန်သူ
ပြည်ပအားကိုး ပုဆိန်ရိုးများ - အလိုမရှိ
မြန်မာပြည်တဝှမ်းမှာ ငြိမ်းချမ်းရေးပန်းများ - ပွင့်လန်းပါစေ
https://t.me/MyanmarNationalPost
No comments:
Post a Comment