(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို နေပြည်တော်၌ လက်ခံကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို နေပြည်တော်၌ လက်ခံကျင်းပ



MNP ၊ နိုဝင်ဘာ ၄

မြန်မာနိုင်ငံက (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများသည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့ နိုဝင်ဘာ ၂ ရက်ညနေပိုင်းက ရောက်ရှိကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက ကိုယ်စားလှယ်အဖွဲ့များအား နေပြည်တော် ရှိ Jasmine Naypyitaw ဟိုတယ်၌ ကြိုဆိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ရာ ညစာစားပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Jasmine Naypyitaw ဟိုတယ် သံလွင်ခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်နှင့် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။


အစည်းအဝေးသို့  ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Meas Kim Heng ၊ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Somboun Sihanath ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သံအမတ်ကြီး Ms. Pinsuda Jayanama နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Nguyen Thi Bich Thuy တို့ ပါဝင်တက်ရောက်ကြသည်။


အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနှင့် တရုတ်နိုင်ငံတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် သုံးသပ်ကာ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနှင့်တရုတ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့က နိဂုံးချုပ်စကားများပြောကြားကာ အစည်းအဝေးအောင်မြင်စွာ ပြီးဆုံးခဲ့သည်။ အစည်းအဝေးအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်က အစည်းအဝေးသို့ တက်ရောက် လာကြသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များအား အဆိုပါဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် ယင်းနေ့ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သောစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ပူးတွဲထမ်းဆောင်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)