MNP ၊ နိုဝင်ဘာ ၁၆
နေပြည်တော်၊ မြို့တော်ခန်းမရှေ့တွင် ယနေ့ ညနေပိုင်းက ပြည်တွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအား ကူညီပံ့ပိုးပေးနေသည့် နိုင်ငံများအား ဆန့်ကျင် ရှုတ်ချပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ဆောင်ရွက်ခဲ့ကြသည်။
အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ ဒို့ရန်သူ၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား - ဆန့်ကျင်ကြ၊ အမိမြေကို ကာကွယ်ကြ - ပြည်ဖျက်မိစ္ဆာတွေကို ဆန့်ကျင်ကြ ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အမျိုးသားရေး လှုပ်ရှားသူ ဦးရွှေထားနှင့် ကိုနောင်တော်လေးတို့ က အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် တိုင်းပြည်အတွင်း ဘက်ပေါင်းစုံမှ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများစွာ သေဆုံးခဲ့ရကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသည့် နိုင်ငံများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေမှုများအား ကန့်ကွက်ရှုတ်ချကြောင်း၊ မြောက်ပိုင်းသောင်းကျန်းသူအဖွဲ့များ အသုံးပြုနေသည့် လက်နက်များတွင် တရုတ်နိုင်ငံထုတ် ဒရုန်းများနှင့် ဗုံးများ အသုံးပြုလာခြင်းအပေါ် တရုတ်အစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်းမပြုရန်တောင်းဆိုကြောင်း၊ နှစ်နိုင်ငံအစိုးရများအနေဖြင့် အပြုသဘောဆန်ဆန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လက်တွဲဆောင်ရွက်သင့်ကြောင်း ပြောဆိုသွားခဲ့သည်။
ဆန္ဒပြရာတွင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ ဒို့ရန်သူ၊ ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ကြ၊ ဒါ ငါတို့ပြည်၊ ဒါ ငါတို့ ပြည်ထောင်စု၊ ဒါ ငါတို့ ပြည်တွင်းရေး၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ မှန်သမျှ ဆန့်ကျင်ကြ ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြပြီး လူစုခွဲသွားခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment