နစကအစိုးရ အနေဖြင့် လက်ရှိ တရုတ်-မြန်မာဆက်ဆံရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကိုးကန့်၊ တအာင်း နှင့် ရက္ခိုင် တို့ပါဝင်သော ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကို အောက်တိုဘာလ ၂၇ ရက်တွင် ကြေညာပြီး ချင်းရွှေဟော်မြို့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် ပါဝင်ပတ် သက်မှုရှိနေသည်ဟု လူမှုကွန်ရက်ပေါ်၌ ရေးသားချက်များအပေါ် ယင်းက အထက်ပါအတိုင်း တုန့်ပြန် ပြောဆိုခြင်းလည်း ဖြစ်သည်။
“လက်ရှိတရုတ်-မြန်မာဆက်ဆံရေးအခြေအနေကောင်းမွန်လျက်ရှိပါတယ်။ ဒီမြောက်ပိုင်းအဖွဲ့တွေနဲ့ ကျွန်တော်အရင်ကပြောသလို သူတို့က တရုတ်နိုင်ငံမှာလည်း အွန်လိုင်းလိမ်လည်မှု ကျားဖျန့်ကိစ္စက ဒါပြည်သူလူထုက Pressure များနေတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကိုအချိန်ကိုက်အသုံးချသွားတာဖြစ်တယ်။ ပြောရမယ်ဆိုရင် ဒီတရုတ်-မြန်မာနယ်စပ်မှာ ကျားဖျန့်ကိစ္စနဲ့ပတ်သက်ပြီး လုပ်ကိုင်ခဲ့တာအဓိကအဖွဲ့အစည်း ၃ ဖွဲ့ရှိပါတယ်။ နံပါတ် ၁ - "ဝ"နယ်မြေ၊နံပါတ် ၂ - "မိုင်းလား"နယ်မြေ၊ နံပါတ် ၃ - "ကိုးကန့်"နယ်မြေအတူတူပါပဲ။ သို့သော်အကုန်လုံး အပြစ်မှန်သမျှကို ဒီအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကိုးကန့်နယ်မြေကို လွဲချချင်တဲ့သဘောပဲ။ ဒီတရုတ်နိုင်ငံ ဘက်မှာလည်း ခက်တာက သူတို့နိုင်ငံဘက်မှာ နယ်မြေကျယ်ပြန့်တယ်။ ဒါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိတယ်။ ပြည်နယ်အစိုးရ ရှိတယ်။ဗဟိုအစိုးရ ရှိတယ်။ ဗဟိုအစိုးရအနေနဲ့ အားလုံးအလုံးစုံကိုသိချင်မှ သိနိုင်ပါလိမ့်မယ်။ အခုဖြစ်နေတာသည် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ဟာဆို ကြည့်လိုက်ရင် ဒါလီဆူး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့ ဂျိန်းဖောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ပြီးရင်ဒီ ဝ တို့၊ ကိုးကန့်တို့ရဲ့ဒါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမဟုတ်ပေမဲ့ သူခရိုင်အဆင့်ပေးထားတဲ့ဟာလေးတွေပေါ့။ ပြီးရင်အောက်မှာဆိုရင် တောင်ဘက်ကိုဆင်းသွားမယ် ဆိုရင် စစ်ဆောင်ပနားတိုင်း(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ရှိတယ်။ ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရတွေအနေနဲ့ ပတ်သက်ကောင်းပတ်သက်နိုင်လိမ့်မယ်။ သူကနီးစပ်တာကိုး၊ ကျွန်တော်လည်း အတိတ်သမိုင်းအကြောင်းတွေပြောပြီးပါပြီ။ ကိုးကန့်က ဖုန်ကျားရှင်ဆိုတာ ယခင်ကကျွန်တော်တို့ ဗကပ ၁၉၆၈ ခုနှစ်လောက်က ဗကပ တပ် မဟာ ၄၀၄ ပေါ့။ ဗကပ တပ်မဟာ ၄၀၄ ရဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ဆက်စပ်မှုတွေကတော့ ရှိနေတာ ဖြစ်တယ်။ အားပေးအားမြှောက်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်တယ်။ သို့သော် တရုတ်-မြန်မာဆက်ဆံရေးကတော့ ကျွန်တော်တို့အနေနဲ့ ကောင်းမွန်လျက်ရှိပါတယ်။ မကြာသေးခင်ကလာတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝန် ပြည်သူ့လုံခြုံရေးဝန်ကြီးနဲ့လည်း ဒီအွန်လိုင်းကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အကျေအလည်ဒါဆွေးနွေးပြီးဖြစ်တယ်။ ကျွန်တော်ပြောခဲ့သလိုပဲ အခုကိစ္စက တရုတ်က မြန်မာကိုလိမ်တာ မဟုတ်သလို မြန်မာ ကလည်းတရုတ်ကိုလိမ်တာမဟုတ်ဘူး။ အဓိကက တရုတ်ဒီမှာရောက်ရှိနေတဲ့ သူတွေအားလုံးကိုကြည့်လိုက်ရင် တရုတ်က ပြည်ပြေးတွေချည်းပဲ။ တရုတ်ကပြည်ပြေးတွေ တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေက တရုတ်က ပြည်ပြေးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုကို လုပ်သွားတာဖြစ်တယ်။ ဒါကြောင့်မို့ဒါတွေဟာ ကျွန်တော်တို့ ပြောရမယ်ဆိုရင်ကျွန်တော် တို့တံခါးပေါက်က ရှမ်းပြည်နယ်မြန်မာ နိုင်ငံ ရဲ့တိုင်းရင်းသားလူမျိုးစု အများစုနေတဲ့နေရာဖြစ်တယ်။ ယူနန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ယူနန် ပြည်နယ်တရုတ်နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုအများဆုံး လုပ်တဲ့နိုင်ငံဖြစ်တယ်။ ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး ထိလွယ်၊ ရှလွယ်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးတွေကိစ္စတွေ ကိုဒါဆောင်ရွက်နေတာပဲ ဖြစ်တယ်။ ဒါတွေကိုနှစ် ဖက်ပြည်သူတွေက သတိထားဖို့ သိရှိဖို့လိုမယ်လို့ပဲ ပြောချင်ပါတယ်”ဟု ယင်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်ထိ တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး တို့နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေး ခဲ့ရာတွင် Mr. Nong Rong က တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေးတိုး တက်မှုကို အလွန်အလေးထားကြောင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသည့် အိမ်နီးချင်းနိုင်ငံခြားရေးအယူအဆကို လက်ကိုင်စွဲကာ မြန်မာနိုင်ငံနှင့်အတူ သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို အတူတကွ ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် Mr. Nong Rong က တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံက ဆောလျင်စွာ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ ဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်တွင် သဘောထားကွဲလွဲမှုများကို ဖြေရှင်း၍ တွေ့ဆုံဆွေးနွေးမှုဖြင့် ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် အားပေးကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်း၍ တရုတ်ဘက် နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို အာမခံပေးစေလိုကြောင်း၊ ထိရောက်သော အစီအမံများဖော်ဆောင်၍ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းနှင့် စီမံကိန်းများလုံခြုံမှုကို မြှင့်တင်စေလိုကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်း၍ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ဆက်လက်တိုက်ဖျက်သွားလိုပါကြောင်း ပြောကြားခဲ့သေးသည်။
မြန်မာနိုင်ငံကဘက်ကလည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်မံအလေးထားပြောကြားခဲ့ကာ တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့်စပ်လျဉ်းသည့် ကိစ္စများတွင် တရုတ်နိုင်ငံ၏ သဘောထားကို ခိုင်မာစွာထောက် ခံကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့်ဝန်ထမ်းများ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ စောင့်ရှောက် ကာကွယ်ပေးကာ မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားလိုကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ် စသည့်အိမ်နီးချင်းနိုင်ငံများနှင့်အတူ အွန်လိုင်းလောင်းကစား ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲတရားဥပဒေစိုးမိုးမှု လှုပ်ရှားမှုများကို ဆက်လက်ဖော်ဆောင်၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သောပတ်ဝန်းကျင် ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်ရေးသားနေကြသည့် သတင်းများမှာ တရုတ်နိုင်ငံဘက်နှင့် မသက်ဆိုင်ကြောင်းကို ဖော်ပြလျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသောစစ်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး၊ မြန်မာနိုင်ငံ ရေရှည် တည်ငြိမ် အေးချမ်းရေး နှင့် နှစ်နိုင်ငံ နယ်နိမိတ် ငြိမ်းချမ်းသာယာ မည်ဟု အမြဲတမ်း မျှော်လင့်ထားကြောင်း ၊ အမေရိ ကန်နှင့် မြန်မာနိုင်ငံရှိ အမေရိကန်လိုလားသော အဖွဲ့အချို့က ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေရန် NUG, PDF နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တပ်ဖွဲ့ များကို ပံ့ပိုးကူညီနေသည့် နောက်ကွယ်တွင် ရှိနေကြောင်းလည်း သိရသည်။
“ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တရုတ်က မျှော်လင့်တယ်။ တိုက်ပွဲတွေကြောင့် Qingshui မြစ်နှင့် Mujie တို့ကို ရပ်တန့်စေခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်တဲ့အပြင် လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံထဲသို့ ကျရောက်ပြီးတော့ နယ်စပ်ရှိ ပြည်သူတွေရဲ့ လုံခြုံရေးကို ထိခိုက်စေတယ်။ တရုတ်-မြန်မာ ပူးပေါင်းဆောင် ရွက်ထားတဲ့ မီးရထားလမ်း အစရှိတာတွေကိုလည်း ထိခိုက်ခဲ့တယ်။ တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာ ပဋိပက္ခတွေကို အာရုံစိုက်ပြီး အပစ်အခတ်ရပ်စဲဖို့နဲ့ စစ်ပွဲတွေ အမြန်ဆုံး အဆုံးသတ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုက်တွန်းမယ်။ ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ အခိုင်အမာ ပြောချင်ပါတယ်။ တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေး အတွက် ထိရောက်တဲ့ အစီအမံတွေ၊ တရုတ်က ဒုက္ခသည်တွေနဲ့ နယ်စပ်က ပြည်သူတွေကို အကူအညီတွေ ပေးနေတာရှိတယ် လို့ သတင်းတွေမှာ ရေးသားတာရှိကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကိုးကားပြီး သတင်းထောက်တွေက ရေးသားတာတွေ ရှိတယ်။ ဒါတွေကို ကြည့်ရင် လက်ရှိ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကိစ္စမှာ တရုတ်နိုင်ငံအနေနဲ့ ပတ်သက်နေတယ်လို့ ပြောဆိုနေတာတွေက ကောလဟာလသာ ဖြစ်တယ်လို့ပဲ သုံးသပ်ချင်ပါတယ်”ဟု တရုတ်-မြန်မာ ချစ်ကြည်ရေး လုပ်ဆောင်နေသူတစ်ဦးက သုံးသပ်ပြသည်။
လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်ခြင်းများ မရှိစေရေး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် ဆွေးနွေးသဘောတူချက်အတိုင်း နှစ်နိုင်ငံ Task Force ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်က ပြုလုပ်ခဲ့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သေးသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တစ်မြို့ ဖြစ်သော လောက်ကိုင်တွင် MNDAA အဖွဲ့အနေဖြင့် ဩဇာ အာဏာပြန်လည်တည်ဆောက်ရန်အတွက် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန်၂၀၂၂ ခုနှစ် မှစတင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်ဟု သိရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment