တောင်သမန် ဦးပိန်တံတား ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သမန် ဦးပိန်တံတား ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


မန္တလေး အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန် ဦးပိန်တံတားတွင် အောက်တိုဘာ ၂၉ ရက်က လာရောက်လည်ပတ်သူများပြားမှုကြောင့် အခန်းအမှတ် ၃၃၉ နင့် ၃၄၀ နှစ်ခန်းမှာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ကျိုးကျခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)က ပြင်ဆင်မှုများကို အောက်တိုဘာ  ၃၀  ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ သုံးရက်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားသည် နှစ်ပေါင်း ၁၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် ဖြစ်ပွားသည့်နေ့မှာ သီတင်းကျွတ်လပြည့်နေ့ဖြစ်၍ လာရောက်သူများပြားသဖြင့် ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ  တာဝန်ရှိသူက ပြောသည်။

“ဌာနအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှုနဲ့အညီ ထိန်းသိမ်းမှုတွေ ဆောင်ရွက်ပါတယ်။ အောက်တိုဘာ ၂၉ ရက်က လာရောက်လည်ပတ်သူ များပြားလွန်းရာက ကျိုးသွားခဲ့တာပါ။ ကျိုးခဲ့တဲ့ တံတားအခန်းတစ်ခန်းက ရှစ်ပေကျယ် အခန်း နှစ်ခန်းဖြစ်ပြီး သုံးခန်းအထိ ပြင်ဆင်မှုတွေလုပ်သွားမှာပါ။ တိုင်ကို  ငါးပေအနက် စိုက်ထူထားပါတယ်။ ဒီနေ့မှာ တံတားတိုင်အသစ် နှစ်တိုင်ထူပြီးသွားပြီ။ ပြင်ဆင်မှု လုပ်ငန်းကြာချိန် သုံးရက် ဖြစ်ပါတယ်” ဟု  ၎င်းက ပြောသည်။

ရှေးဟောင်းကျွန်းတံတားဖြစ်သည်နှင့်အညီ ကျွန်းတိုင်များဖြင့် အစားထိုးလဲလှယ်ပြင်ဆင်ခြင်းဖြစ်ပြီး အရှည် ၂၅ ပေရှိ တံတားတိုင်များဖြစ်၍ တိုင်များကို မြေဝင် ငါးပေနစ်မြုပ်၍ စိုက်ထူထားသည့်အပြင် ရက်မများ၊ ဆင့်များနှင့် ကြမ်းခင်းများကိုလည်း အသစ်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်မှုလုပ်ငန်းများအား၊ တောင်သမန်ငှက်လှေအဖွဲ့နှင့် ဒေသခံများက ပါဝင်ကူညီဆောင်ရွက်ကြောင်း သိရသည်။

“မြို့စာရေးဦးပိန် တည်ဆောက်လို့ ဦးပိန်တံတား၊ တောင်သမန်အင်းကိုဖြတ်ထားလို့ တောင်သမန်တံတားလို့လည်းခေါ်ပါတယ်။ အခါကြီးရက်ကြီးနဲ့ ရုံးပိတ်ရက်တွေမှာ ပုံမှန်ချိန်ထက် စည်ကားပါတယ်။  တံတားကြီး ရေရှည်တည်တံ့ဖို့အတွက် လာရောက်လည်ပတ်တဲ့သူတွေအနေနဲ့ ဝိုင်းဝန်းပြီး ထိန်းသိမ်းဖို့လည်း လိုပါတယ်” ဟု မန္တလေးဌာနခွဲလက်အောက်ရှိ အမရပူရ၊ ဗားကရာဌာနစိတ်တာဝန်ခံက ပြောသည်။

တောင်သမန် ဦးပိန်တံတားကို အမရပူရခေတ်၊ ပုဂံမင်းလက်ထက် မြန်မာနှစ် ၁၂၁၁ ခုနှစ်က တံတားတည်ဆောက်ခဲ့ခြင်းဖြစ်ရာ တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိပြီး တံတားအရှည်မှာ ၃၉၆၇ ပေရှိ၍ တံတားကြီးမှာ နှစ်ပေါင်း ၁၇၀ ကျော်ပြီဖြစ်ကာ တည်ဆောက်ချိန် နှစ်နှစ်ကြာမြင့်ခဲ့ကြောင်း သိရသည်။


မောင်အေးချမ်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)