မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ


MNP ၊ နိုဝင်ဘာ ၁၂

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Groups)များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သော သီးနှံထုတ်လုပ်မှု စွမ်းအားမြင့်မားစေရေးအတွက် မျိုးစေ့အပါအဝင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ပြည့်မီသော သွင်းအားစုများ တောင်သူများလွယ်ကူစွာ ရရှိသုံးစွဲနိုင်ရေးကို သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း။


တောင်သူလယ်သမားများ သွင်းအားစုမျိုးစေ့များကို လွယ်ကူအဆင်ပြေစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီစီမံဆောင်ရွက်ရန်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ တောင်သူများ မျိုးလိုအပ်ချိန်မှာ လိုအပ်သည့်မျိုးစေ့ပမာဏကို လွယ်ကူစွာဝယ်ယူရရှိနိုင်ရန် အလွယ်တကူချိတ်ဆက်နိုင်မည့် ကွန်ရက်တစ်ခုဖန်တီးပေးရန် လိုအပ်လျက်ရှိကြောင်း၊ သီးနှံများ၏ မျိုးသစ်များနှင့် အရည်အသွေးမီမျိုးစေ့များကို ဖြန့်ဖြူးရာတွင် ပြည်ပနိုင်ငံများမှ မျိုးများကို မဖြစ်မနေမှသာ ဝယ်ယူတင်သွင်းသင့်ကြောင်း၊ မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတက္ကသိုလ်တို့မှ သီးနှံမျိုးသစ်များ မွေးမြူရေးနှင့် မျိုးသန့်ထုတ်လုပ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအနေဖြင့် မျိုးသစ်များ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စံချိန်စံညွှန်းပြည့်မီသော မျိုးစေ့များ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စေရန်၊ မျိုးသစ်အသိ အမှတ်ပြုလက်မှတ်ရရှိပြီးသော သီးနှံမျိုးများအား တင်သွင်း၊ ဖြန့်ဖြူး၊ တင်ပို့ခြင်းလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် မျိုးစေ့စီးပွားရေးလုပ်ငန်းများတွင် မသမာမှုများ ကာကွယ်နိုင်စေရန်မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၏ (၂၅) ကြိမ်မြောက် အစည်းအဝေးအထိ လယ်ယာသီးနှံ ၆၄၄ မျိုး၊ ဥယျာဉ်ခြံသီးနှံ ၇၄၈ မျိုး၊ စက်မှုသီးနှံ ၁၃၂ မျိုးနှင့် မိဘမျိုးလိုင်း ၁၈၇ စုံ စုစုပေါင်း ၁၇၁၁ မျိုး ကို မျိုးစေ့မှတ်ပုံတင်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုကျင်းပသည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၆) ကြိမ်မြောက် အစည်းအဝေးတွင် သက်ဆိုင်ရာ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များ (Technical Working Group) နှင့် မျိုးစေ့ကျွမ်းကျင် မှုဆိုင်ရာကော်မတီ (TSC) တို့က အဆင့်ဆင့်စိစစ်၍ တင်ပြလာသော စမ်းသပ်စိုက်ပျိုးအဖြေရရှိပြီး သီးနှံခြောက်မျိုး၏ မျိုးသစ်မျိုးဖျား ၄၁ မျိုး၊ လိုအပ်သော အချက်အလက် အပြည့်အစုံဖြင့်တင်ပြလာသည့် သီးနှံ ၂၇ မျိုး၏ မျိုးသစ်မျိုးဖျား ၈၉ မျိုးနှင့် မိဘမျိုးလိုင်းရှစ်စုံ စုစုပေါင်းမျိုးသစ် ၁၃၈ မျိုးတို့နှင့်စပ်လျဉ်း၍ မျိုးသစ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)