သန်းထွန်း(ဘူမိသိပ္ပံ)
အပြည်ပြည်ဆိုင်ရာ ဘူမိသိပ္ပံနှင့် ဘူမိဥယျာဉ်အစီအစဉ်
ဘူမိသိပ္ပံပညာရပ်သည် တန်ဖိုးမဖြတ်နိုင်သော ကမ္ဘာကြီး၏ နှစ်ပေါင်း ၄ ဒသမ ၆ ဘီလီယံ သက်တမ်းရှိ သမိုင်းကြောင်းနှင့် ဖြစ်စဉ်တို့အကြောင်းကို ပြောပြပေးသည်။ ဤအသိပညာသည် ယနေ့လူမှုအဖွဲ့အစည်းကို စိန်ခေါ်နေသော အနာဂတ်မျိုးဆက်သစ်တို့အတွက် ကမ္ဘာ့သယံဇာတတို့ကို ထိန်းသိမ်းကာကွယ်မှု၊ ကမ္ဘာလုံးဆိုင်ရာပူနွေးမှုနှင့် ဘူမိဆိုင်ရာသဘာဝအန္တရာယ်များ၏ သက်ရောက်မှုတို့ကို သက်သာပြေလျော့စေရန် အန်တုရာတွင် မရှိမဖြစ်လိုအပ်လှပါသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ယူနက်စကိုအထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ ဘူမိသိပ္ပံနှင့် ဘူမိဥယျာဉ်အစီအစဉ်ကို ဖွဲ့စည်းခွင့်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာဘူမိသိပ္ပံနှင့် ဘူမိဥယျာဉ်အစီအစဉ် (IGGP)သည် လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်မှစ၍ ကမ္ဘာ့ဒေသအသီးသီးမှ ဘူမိသိပ္ပံပညာရှင်များအား တိုးပွားလာသော လူနေမှုဘဝနှင့် ပတ်သက်သည့် ဘူမိဖြစ်စဉ်များ၊ အပြည်ပြည်ဆိုင်ရာ ဘူမိတန်ဖိုးများနှင့် ဒေသတွင်းစဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှု၏ အခြေခံများကို မြှင့်တင်ပေးသောယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်များ (UNESCO Global Geoparks) လေ့လာရန် စုစည်းခေါ်ယူခဲ့ကြ သည်။ ယခုအခါ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၄၈ နိုင်ငံတွင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာဘူမိဥယျာဉ်ပေါင်း ၁၉၅ ခုရှိလာပြီဖြစ်ပြီး ဘူမိဥယျာဉ်အသစ်များ ထွက်ပေါ်လာရန် အပြိုင်အဆိုင်ကြိုးစားနေကြ သည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် တည်ထောင်ရေးလုပ်ငန်းသည်လည်း မကြာမီအကောင်အထည် ပေါ်လာတော့မည်ဖြစ်ပါသည်။
ယူနက်စကို ကမ္ဘာလုံးဆိုင်ရာဘူမိဥယျာဉ်များ
UNESCO Global Geoparks ကို ယူနက်စကိုက “အပြည်ပြည်ဆိုင်ရာအဆင့်ရှိ ဘူမိဆိုင်ရာ အရေးပါသောနေရာများနှင့် ရှုခင်းများရှိသော တစ်ခုတည်း၊ တစ်ဆက်တည်းရှိသည့် ပထဝီဒေသများကို ထိန်းသိမ်းကာကွယ်ရေး၊ ပညာပေးရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှာ ခြုံငုံစဉ်းစားလျက် စီမံအုပ်ချုပ်ထားသော ဧရိယာများ”ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။
ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်အသီးသီးသည် ၎င်းတို့၏တိတိကျကျ သတ်မှတ်ထားသော တွေ့ရှိရသည့် အမွေအနှစ်ရင်းမြစ်များ၊ ယင်းဒေသတစ်ခုချင်းရှိ ဘူမိဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာတို့ကို မှတ်တမ်းတင်ထားသော ဘူမိနယ်မြေများ စုပေါင်းထားသည့် ဘူမိအမွေအနှစ်အပေါ် အခြေခံ၍ အသီးသီးအဓိပ္ပာယ်ဖွင့်ဆိုကြသည်။
ဘူမိနယ်မြေ
ဘူမိနယ်မြေ(Geosite)ဆိုသည်မှာ အရေးပါသော ဘူမိဗေဒ သို့မဟုတ် ဘူမိရုပ်သွင်ရှိသည့်နေရာကိုခေါ်သည်။ ယင်းတို့၏ ဘူမိအင်္ဂါရပ်အမွေအနှစ်များလည်း ပါဝင်ပြီး အရေးပါသောယဉ်ကျေးမှု သို့မဟုတ် အမွေအနှစ်များလည်း ဖြစ်နိုင်ပေသည်။ အမျိုးအစားကွဲပြားမှုများအပေါ်အခြေခံ၍ ဘူမိခရီးသွားလုပ်ငန်းကို အောက်ပါအမျိုးအစား ခြောက်မျိုး ခွဲခြားနိုင်သည်။
၁။ ဘူမိဗေဒနှင့် ဘူမိရုပ်သွင်နေရာများ၊
၂။ သတ္တုတွင်း(ရှေးဟောင်း၊ စွန့်ပစ်၊ လက်ရှိ)နေရာများ၊
၃။ လမ်းဖောက်(ဖြတ်ပိုင်း)နေရာများ၊
၄။ မနုဿဗေဒ (လိုဏ်ဂူနှင့် သတ္တုတွင်း)နေရာများ၊
၅။ ကျောက်အိမ်(သမိုင်းဟောင်း)နေရာများ၊
၆။ စွန့်စားမှုအခြေပြုနေရာများ။
ဘူမိအမွေအနှစ်များ
ဘူမိအမွေအနှစ်ဆိုသည်မှာ မြေမျက်နှာသွင်ပြင်၊ သဘာဝကျောက်ပေါ်ကွက်များနှင့် အဆင့်မြင့်လေ့လာနိုင်သော၊ အကိုးအကားပြုနိုင်သော၊ မျိုးဆက်သစ်တို့အတွက် ထိန်းသိမ်းသင့်သော ဘူမိလက္ခဏာများရှိသည့် ဘူမိသိပ္ပံပညာရပ်အတွက် အရေးကြီးသောနေရာတို့ကို ထိန်းသိမ်းခြင်း အယူအဆပင်ဖြစ်သည်။
ဘူမိအမွေအနှစ်၊ ဘူမိထိန်းသိမ်းခြင်းနှင့် ဘူမိခရီးသွားလုပ်ငန်းတို့သည် ၎င်းတို့၏သိပ္ပံဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် အကျင့်သိက္ခာတို့ကြောင့် တစ်ကမ္ဘာလုံး၏ စိတ်ဝင်စားမှုကို ရရှိနေကြသည်။ နိုင်ငံပေါင်းများစွာတွင် ဒေသတွင်းအဖွဲ့အစည်းတို့ဖြင့် ဘူမိအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် ၎င်းတို့၏ အစိုးရပေါ်လစီများ ရှိထားကြပြီးဖြစ်သည်။ သို့ရာတွင် အမျိုးသားဥပဒေတစ်ရပ်ရှိရန် လိုအပ်သည်။
ဘူမိဥယျာဉ်တစ်ခု၏ အကျိုးကျေးဇူးမှာ ဒေသခံလူငယ်များအတွက် အလုပ်အကိုင်အသစ်များ ရရှိရန်လည်း ပါဝင်သည်။ ထို့အပြင် ဘူမိဥယျာဉ်သည် အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးခြင်း၊ ကျေးရွာအဆင့် လူထုအတွက် ကျန်းမာရေးနှင့်ပညာရေးများ ဆောင်ရွက်ပေးမှုကြောင့် ဒေသတွင်းစီးပွားရေးကိုမြှင့်တင်ရာတွင် ကူညီပေးသည်။
ဤစိစစ်မှု၏ အဓိကရည်ရွယ်ချက်မှာ ဒေသခံလူထုကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးသည့် သတ္တုတွင်းလုပ်ငန်းနှင့် အရေးကြီးဂေဟစနစ်နေရာတို့ကို ခြိမ်းခြောက်နေသည့် ငွေကြေးအပေါ် လောဘမသတ်နိုင်ခြင်းတို့ကို သတိပြုမိစေရန်ဖြစ်သည်။
ဘူမိဖြစ်စဉ်မှတ်တမ်းတို့သည် နှစ်သန်းပေါင်းများစွာကတည်းက ဖြစ်ပေါ်နေသော ဖြစ်စဉ်တို့၏ အကျိုးဆက်များဖြစ်ပြီး အထူးစောင့်ရှောက်ရန်လိုအပ်သော အဖိုးတန်ရတနာများဟု ယူဆကြသည်။ အကယ်၍ ဤမှတ်တမ်းများ တစ်ကြိမ်ပျက်သုဉ်းခဲ့သော် ထာဝရဆုံးရှုံးမည်ဖြစ်ပြီး အတုအပတို့ကိုလည်း ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်မည်မဟုတ်ချေ။ အနာဂတ်မျိုးဆက်သစ်တို့ကို အသိပညာနှင့် ဘူမိအမွေအနှစ်တို့ကို လွှဲပြောင်းပေးရန်မှာ ကျွန်ုပ်တို့၏ အဓိကတာဝန်ပင်ဖြစ်သည်။
ဘူမိခရီးသွားလုပ်ငန်း
ဘူမိခရီးသွားလုပ်ငန်းဆိုသည်မှာ နေရာဒေသတစ်ခု၏ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ သုခုမမူဟန်၊ အမွေအနှစ်နှင့် ဒေသတွင်းရှိ လူထု၏ အကျိုးစီးပွားများစသည့် ပထဝီအင်္ဂါရပ်များကို လုံလောက်မှုရှိစေခြင်း သို့မဟုတ် တိုးမြှင့်ပေးသော ခရီးသွားလုပ်ငန်းမျိုးဖြစ်သည်။ ဘူမိခရီးသွားလုပ်ငန်းသည် ကားဖြင့်ဖြတ်မောင်းသွားသော ခရီးစဉ်မျိုးထက်သာလွန်သည်။ နေရာဒေသတစ်ခု၏ အဓိပ္ပာယ်ကို အာရုံပြုထားခြင်းကြောင့် လူ့အဖွဲ့အစည်းသည် လေ့လာသူများအတွက် စစ်မှန်၍တိုးပွားလာသော အတွေ့အကြုံများ ပေးနိုင်မည်ဖြစ်သည်။ ဘူမိဥယျာဉ်၏ အယူအဆမှာ ဒေသ၏ယဉ်ကျေးမှု၊ ထွက်ကုန်နှင့် ရိုးရာဓလေ့များကို အသားပေးပြီး ဧည့်သည်များကို ဒေသ၏သဘာဝအလှနှင့် လူ့အဖွဲ့အစည်းတို့ကို စူးစမ်းလေ့လာနိုင်ရန် အခွင့်အရေးမျိုးစုံပေးထားခြင်းဖြစ်သည်။ ဘူမိခရီးသွားလုပ်ငန်းသည် ထိန်းသိမ်းစောင့်ရှောက်သူများက ပြည့်စုံသည့် အဆင့်မှသည် ဒေသခံများအတွက် ထင်ရှားသော ဆွဲဆောင်မှုအဆင့်အထိ ထိန်းသိမ်းထားသော်လည်း စိတ်စေတနာကောင်းသော ဧည့်သည်များကြောင့် အရင်းအမြစ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ လူဦးရေများလွန်းခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ကဲ့သို့ အနုတ်သဘောဆောင်သော ဖြစ်ရပ်တို့ကို လမ်းညွှန်စာအုပ်ထက်သာလွန်သော ကတိပြုမှုများ ဖြန့်ဝေထားခြင်းကြောင့် လျော့နည်းစေသည်။ ဒေသတွင်းဝန်ဆောင်မှုနှင့်ရှိထားပြီး အရင်းအမြစ်တို့ကို မြှင့်တင်ပေးခြင်း၊ ဧည့်သည်များ၏ လိုအပ်ချက်တို့ကို တုံ့ပြန်နိုင်ရန် ၎င်းတို့အား ပညာပေးခြင်း၊ ၎င်းတို့မြို့၏ စစ်မှန်သောတန်ဖိုးကို ပြပေးခြင်းဖြင့် ဘူမိခရီးသွားလုပ်ငန်းသည် ဒေသခံလူထုကို အကျိုးရှိစေပါသည်။ ထောင့်လေးထောင့်ရှုခင်း၏ ကမ္ဘာတစ်ခွင်ထင်ရှားမှုကြောင့် ဘူမိခရီးသွား လုပ်ငန်း၏ အခြေခံသဘောတရားသည် ဒေသခံများနှင့် နိုင်ငံခြားဧည့်သည်တို့အကြား အဓိပ္ပာယ်ပြည့်ဝသော အသိပညာဖလှယ်နိုင်ရန် အထူးအခွင့်အရေးများ ပေးထားပါသည်။ ယင်းတို့ဒေသ၏ ယဉ်ကျေးမှုကို လေးစားခြင်းနှင့် လေးနက်ကြွယ်ဝသော ဧည့်သည်များ၏ အတွေ့အကြုံတို့သည် ဒေသအတွက် ကောင်းစွာအကျိုးဖြစ်ထွန်းပါသည်။
ကြံ့ခိုင်သောခရီးသွားလုပ်ငန်း
ကြံ့ခိုင်သောခရီးသွားလုပ်ငန်းသည် ဆရာဝန်တို့၏ ကျင့်ဝတ်ကဲ့သို့ “ထိခိုက်မှုမရှိရေးသည် ပထမ”ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ကြံ့ခိုင်သည့်ခရီးသွားလုပ်ငန်းသည် ယင်း၏ တန်ဖိုးရှိအရင်းအမြစ်နှင့်ပန်းတိုင်ကို ကာကွယ်ပေးသည်။ တိုးတက်သော စီမံခန့်ခွဲမှုနည်းစနစ်တို့ဖြင့် သဘာဝအလေ့အထနှင့် အတွေးအမြင်၊ အမွေအနှစ်ဒေသများနှင့် လူမှုအဖွဲ့အစည်း၏ ရိုးရာဓလေ့ထုံးစံများကို တိုးတက်သောစီမံခန့်ခွဲမှုဖြင့် ထိန်းသိမ်းထားသည်။ သဘာဝရင်းမြစ်တို့ကိုလည်း ထိန်းသိမ်းပေးသည်။ ပတ်ဝန်းကျင်ကို ဂရုပြုသော အပြည်ပြည်ဆိုင်ရာ ခရီးသည်များသည် စီးပွားရေးလုပ်ငန်းများ၏ ပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းပါးခြင်း၊ စွမ်းအင်သုံးစွဲမှု၊ ရေသုံးစွဲမှု၊ မြေအနေအထားပြုပြင်မှုများကြောင့် ဖြစ်ပေါ်သည့် ဓာတုဓာတ်များ၊ မီးရောင်အလွန်အကျွံ သုံးစွဲခြင်းတို့ကို အထက်စီးဟန်ဖြင့် ဆောင်ရွက်ကြသည်။ ဒေသတွင်းရှိ ဓလေ့ထုံးစံများနှင့် သမိုင်းကြောင်းတို့ကို လေးစားကြသည်။ နိုင်ငံခြားဧည့်သည်များသည် အသုံးများသော ဘာသာစကား အပိုင်းအစများအပါအဝင် ဒေသ၏ကျင့်ဝတ် ထုံးတမ်းများကို သင်ယူတတ်ကြသည်။ ဒေသခံများကလည်း မိမိတို့နှင့်မတူညီသော နိုင်ငံခြားသားများ မျှော်လင့်သည့် နေထိုင်မှုကို မည်သို့ ပြင်ဆင်ထားရမည်ကို လေ့လာကြသည်။ ဤသည်မှာ အရည်အသွေးကိုသာ ရည်ရွယ်ခြင်းဖြစ်ပြီး အရေအတွက်ကိုမဆိုလိုပါ။ ခရီးသွားလုပ်ငန်း ရည်ရွယ်ချက်ပန်းတိုင်ကို ဧည့်သည်အရေအတွက်ဖြင့် မတိုင်းတာပါ။ သို့သော် ၎င်းတို့ မည်မျှကြာအောင်နေသည်၊ ၎င်းတို့၏ငွေကို မည်သို့သုံးသည်နှင့် ၎င်းတို့၏အတွေ့အကြုံ အရည်အသွေးတို့ကိုသာ တိုင်းတာပါသည်။
ဘူမိခရီးသွားလုပ်ငန်းသည် စဉ်ဆက်မပြတ် ကြံ့ခိုင်ခြင်းမူကို ပထဝီအနေအထားများ၊ ဧည့်သည်နှင့် ဌာနေလူထု၏ အကျိုးဖြစ်ထွန်းမည့် ဒေသ၏အနှစ်သာရ အထူးအရည်အသွေးတို့ဖြင့် အောင်ပွဲခံမည့်ပန်းတိုင်ကို တည်ဆောက်ခြင်းဖြင့် ထပ်လောင်းပေးသည်။
အကျိုးရှိသောစုပေါင်းဆောင်ရွက်မှု
ရှုပ်ထွေးပွေလီသော ပထဝီအနေအထားများ အတူပူးပေါင်းတင်ပြခြင်းဖြင့် ဧည့်သည်များ၏ မတူကွဲပြားသော စိတ်ဝင်စားမှုတို့ဖြင့် ဆွဲဆောင်စေပြီး ကမ္ဘာလှည့်ခရီးသည်များ၏ အတွေ့အကြုံများ အခြားကဏ္ဍများထက် ပိုမိုကြွယ်ဝလာစေမည်ဖြစ်သည်။ ဘူမိခရီးသွားလုပ်ငန်းသည် လူမှုအဖွဲ့အစည်းပါဝင်သည်။ ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် အရပ်သားအဖွဲ့အစည်းများ၊ ဧည့်သည်များအတွက် ထင်ရှား၍ စစ်မှန်သော အတွေ့အကြုံရရှိ စေရန်စိတ်ထားဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ ဘူမိခရီးသွားလုပ်ငန်းသည် ခရီးသွားသူရော အိမ်ရှင်ပါ နှစ်ဦးစလုံးကို ပညာရစေသည်။ ဒေသခံများသည် အပြင်လူများကို ဖမ်းစားနိုင်ရန် မည်သည်တို့ကို ထုတ်ပြရမည်ကို လေ့လာရခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အမွေအနှစ်တို့ကို ဖော်ထုတ်လာနိုင်မည်ဖြစ်သည်။ ဒေသခံလူထုသည် ၎င်းတို့၏အိမ်ကို ပြသရန် ဂုဏ်ယူတတ်မှု၊ ကျွမ်းကျင်မှု တိုးတက်လာသည့်အလျောက် အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းပြီးဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသည်များအတွက်လည်း ပိုမိုကောင်းမွန်သောခရီးဖြစ်ပေမည်။ ဘူမိခရီးသွားလုပ်ငန်းက ဒေသခံတို့ကို စီးပွားရေးအရ အကျိုးဖြစ်ထွန်းပြီး ခရီးသွားနှင့် ဆက်စပ်နေသောလုပ်ငန်းများက ဒေသခံအလုပ်သမားတို့ကို ငှားရမ်းကြရကာ ဒေသခံတို့၏ ဝန်ဆောင်မှု၊ ထွက်ကုန်များနှင့် ရိက္ခာပစ္စည်းတို့ကို အသုံးပြုကြရသည်။ ဒေသခံလူထုတို့ ဘူမိခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးကို နားလည်လာသည့်အခါ ၎င်းတို့သည် ကြီးကြပ်အုပ်ချုပ်မှုလုပ်ငန်းကို တာဝန်ယူလာလိမ့်မည်။ ဘူမိခရီးသွားလုပ်ငန်းသည် ဒေသ၏ဂုဏ်ကိုလည်း အထောက်အကူဖြစ်စေသည်။ အကျိုးအမြတ်ရရှိလာသော ဒေသနေလုပ်ငန်းရှင်များသည်လည်း ကျေးဇူးသိ၍ အပြန်အလှန်အားဖြင့် အမွေအနှစ်ရင်းမြစ်တို့ကို ကာကွယ်ရန်လိုအပ်သည်ကို နားလည်လာကြမည်။
ဘူမိသိပ္ပံဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ဘူမိခရီးသွားလုပ်ငန်း မပါမဖြစ်ပေ။ ဘူမိဆိုင်ရာ အခရာများမှာ ဘူမိဗေဒနှင့် လွင်ပြင်ရှုခင်းများဖြစ်ပြီး ပုံသဏ္ဌာန်အားဖြင့် မြေမျက်နှာသွင်ပြင်များ၊ ကျောက်ပေါ်ကွက်များ၊ ကျောက်အမျိုးအစားများ၊ အနယ်ကျများ၊ မြေဆီလွှာနှင့် ပုံဆောင်ခဲများနှင့် ဖြစ်စဉ်များအဖြစ် မီးတောင်ပေါက်ကွဲခြင်း၊ ရေ/လေ တိုက်စားခြင်း၊ ရေခဲမြစ်စသည်တို့ပါဝင်သည်။ ခရီးသွားလုပ်ငန်း၏ အခရာဖြစ်သော ဘူမိခရီးသွားလုပ်ငန်းတွင် ခရီးသွားများလည်ပတ်ခြင်း၊ နှစ်သက်ရာနှင့် ဆုံတွေ့ရာ ဘူမိနယ်မြေတို့မှ လေ့လာသင်ယူခြင်း၊ ဘူမိခရီးသွားလုပ်ငန်းသည် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်၏ သီးခြားခွဲထုတ်မရသော အပိုင်းတစ်ခုဖြစ်ပြီး ဘူမိဥယျာဉ်ဖွံ့ဖြိုးမှုအတွက် အဓိကဖြစ်သည်။ ဘူမိခရီးသွားလုပ်ငန်းသည် စီးပွားရေးခရီးသွားလုပ်ငန်းတို့၏ အဓိကအာရုံပြုမှုအပေါ် အပင်များနှင့် သက်ရှိတိရစ္ဆာန်များအပြင် တတိယဘက်ဖြစ်သည့် ဇီဝမဲ့ဝန်းကျင်ကိုပါ ထပ်လောင်းထားပါသည်။ သို့အတွက် ကမ္ဘာတစ်ခွင်ဘူမိဥယျာဉ်များ တိုးပွားလာသည့်နည်းတူ လွတ်လပ်သော ဘူမိပတ်ဝန်းကျင်ကို အခြေပြုသည့်များစွာသော သဘာဝနှင့် မြို့ပြဘူမိဥယျာဉ်များ တိုးပွားလာသည်။
ဇီဝမဲ့သဘာဝအခြေပြုခရီးသွားလုပ်ငန်း
လူအများက ဘူမိခရီးသွားလုပ်ငန်းကို ဘူမိဗေဒနှင့် ဘူမိရုပ်သွင်တို့ကို သီးသန့်လေ့လာရန်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ပတ်ဝန်းကျင်ကို ရိုးရိုးရှင်းရှင်း ကြည့်မည်ဆိုပါက ယင်းသည် ဇီဝမဲ့ဝန်းကျင် (Abiotic)၊ ဇီဝဝန်းကျင်(Biotic)နှင့် ယဉ်ကျေးမှုဝန်းကျင်(Cultural)တို့ဖြင့် ဖွဲ့စည်းထားကြောင်း ကျွန်ုပ်တို့ မြင်နိုင်သည်။ ပထမဦးစွာ ယဉ်ကျေးမှုဝန်းကျင်(C)တွင် အတိတ်ခေတ်သမိုင်း ကြောင်းယဉ်ကျေးမှုနှင့် ယနေ့ခေတ် လူနေမှုဓလေ့ ထုံးစံနှင့်ယဉ်ကျေးမှုတို့ ပါဝင်သည်။ ဇီဝဝန်းကျင်(B)သည် စီးပွားရေးခရီးသွားလုပ်ငန်းတို့တွင် အသားပေးဖော်ပြရှင်းလင်းထားသော တိရစ္ဆာန်များနှင့် အပင်များပင်ဖြစ်သည်။ သို့ရာတွင် လူသိအလွန်နည်းသော ဇီဝမဲ့ဝန်းကျင်(A) ခရီးသွားလုပ်ငန်းတွင် သတိပြုမှုအနည်းဆုံးဖြစ်သော ကျောက်များ၊ မြေမျက်နှာသွင်ပြင်နှင့် သဘာဝဖြစ်စဉ်များ ပါဝင်သည်။ ဤသည်မှာ ဘူမိခရီးသွားလုပ်ငန်း၏ အင်အားအစစ်ဖြစ်သည်။ ခရီးသွားများ၏အာရုံကို ဘူမိဗေဒအပေါ် ခိုင်ခိုင်မာမာ မီးမောင်းထိုးပြခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏ နားလည်သဘောပေါက်မှုကို ခရီးသွားလုပ်ငန်းဖြင့် ရှေ့တန်းသို့တင်ခြင်း ဖြစ်သည်။
မြန်မာ့ဘူမိခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပါစေ။
https://t.me/MyanmarNationalPost
No comments:
Post a Comment