တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ စတင်လည်ပတ်တော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ စတင်လည်ပတ်တော့မည်




MNP ၊ နိုဝင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းများကို သီတင်းကျွတ်ရာသီမှ စတင်ကာ လည်ပတ်တော့မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းများကို သုံးနှစ်ကျော်အကြာ ရပ်နားထားခဲ့ရာ သီတင်းကျွတ်ကာလမှစတင်ပြီး ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ကျွန်းခရီးစဉ်များအတွက် ခရီးသည်များ ပို့ဆောင်ပေး ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်းခရီးစဉ်တွေတော့ စတင်ပြေးဆွဲတော့မှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းက ကျွန်းတွေကိုသွားရောက်ပြီး ခရီးသည်ပို့ဆောင်ပေးမယ့် ကျွန်းတွေကို လေ့လာမှုတွေလုပ်ခဲ့ပြီးပါပြီ။ ခရီးသွားကုမ္ပဏီက ၂၀ လောက်ရှိပါတယ်’’ ဟု မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်ကျွန်းစုအတွင်းရှိ နာမည်ကြီးသည့် ကျွန်းခရီးစဉ်များ လည်ပတ်နိုင်ရန်အတွက် လေးကျွန်း၊ သမီးလှ၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်း၊ ကြယ်လိပ်၊ ဘေလီစသည့် ခရီးစဉ်များကို စီစဉ်ထားပြီး ခရီးစဉ်နှုန်းထားများကို လူတစ်ဦးလျှင် ငွေကျပ်နှစ်သိန်းမှ သုံးသိန်းခွဲအထိ သတ်မှတ်ထားကြောင်း သိရသည်။

“ခရီးသည်တချို့တော့ ကျွန်းခရီးစဉ်တွေလည်ပတ်ဖို့ စာရင်းသွင်းထားကြပါတယ်။ ကုမ္ပဏီတချို့တော့ ဘိုကင်ရထားတာတွေရှိနေပါတယ်။ လောလောဆယ် ပြည်တွင်းခရီးသွားတွေနဲ့ စတင်ရုန်းကန်ကြရမှာပါ” ဟု Moe Travel & Tour Co.,Ltd. မှ MD ဦးမိုးဇော်က ပြောကြားသည်။

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းလည် ပတ်နေပြီဖြစ်သော်လည်း အခက်အခဲများရှိနေကြောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းလုပ်ဆောင်နေရကြောင်း သိရသည်။

“အဓိကအခက်အခဲက လေယာဉ်ခရီးစဉ်တွေကျပ်နေတာ၊ ရန်ကုန်- မြိတ် လေယာဉ်ခရီးစဉ် ကုန်ကျစရိတ်မြင့်မားနေတာတွေ၊ လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ဈေးနှုန်းမြင့်သွားရတာတွေ ရှိနေပါတယ်။ ကျွန်းတွေမှာလိုအပ်တဲ့ Activity တွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်နေ ပါတယ်။ အဆင့်မီပြင်ဆင်မှုတွေ၊ ဝန်ဆောင်မှုတွေ၊ ခရီးစဉ်ရေးဆွဲတာတွေမှာ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်”ဟု Adman Beauty ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်ကပ်ရောဂါကာလမှစတင်ပြီး သုံးနှစ်အကြာ ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်မှစတင်ပြီး လုပ်ငန်းများပြန်လည်ပတ်ရန် ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် ပြည်တွင်းခရီးသွားများကိုသာ ကျွန်းခရီးစဉ်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းပေါင်း ၈၀၀ ကျော်တည်ရှိသည့် မြိတ်ကျွန်းစုဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ရေပေါ်ရေအောက်ရှုခင်းများ၊ လှပသော သဲသောင်ပြင်များပါဝင်သည့် ကျွန်းများ၊ ဆလုံလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံတမ်းများနှင့် လူနေမှုဘဝနေထိုင်မှု ပုံစံများကို လေ့လာနိုင်မည့်အပြင် ရေကူးခြင်း၊ ဒေသသုံးလှေငယ်များဖြင့် သဘာဝဒီရေတောများကိုလည်း လေ့လာနိုင်ခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေများနှင့်လိုက်ပါ၍ ငါးဖမ်းခြင်းလုပ်ငန်းများကိုလည်း လေ့လာလည်ပတ်နိုင်မည်ဖြစ်ကြောင်းနှင့် ယခင်က ခရီးသွားအများစု စိတ်ဝင်တစား လည်ပတ်လေ့ရှိသော ကျွန်းများမှာ လေးကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်းနှင့် ဒုံးရေတံခွန်တို့ဖြစ်ကြောင်း သိရသည်။


မြင့်ဦး(မြိတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)