MNP ၊ နိုဝင်ဘာ ၂၀
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၂) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို စေတီတော်ရင်ပြင်တော်၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်လောင်းလှူပူဇော်သည်။
ရှေးဦးစွာ အခမ်းအနားပထမပိုင်းအစီအစဉ် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို လေးထပ်ဓမ္မာရုံတော်ကြီး တတိယထပ်၌ ကျင်းပခဲ့သည်။ ယင်းနောက် စေတီတော်ရင်ပြင်ရှိ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မုခ်ဦးဆိုင်းဘုတ်ရှေ့၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ရွှေဆံတော် ဘက်စုံဖွံ့ဖြိုးရေးအဖွဲ့ဝင်တို့က လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ (၂၆၁၂) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာကြသူများက မြတ်စွာဘုရားအမှူးပြုသော သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ လောင်းပူဇော်ကြည်ညိုကြသည်။
လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၂)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော်ရက် ၁၀ရက်တာကာလအတွင်း ဇာတ်သဘင်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ပွဲအပါအဝင် ရပ်ကွက်ယိမ်းကားများ၊ အခြားပျော်ပွဲရွှင်ပွဲများနှင့် ပြည်ဒေသထွက် ရိုးရာအစားအစာများနှင့် အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ကုန်ပစ္စည်းများရောင်းချသည့် ပွဲဈေးဆိုင်ခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။ ယင်းအပြင် နိုဝင်ဘာ ၂၅ ရက် နံနက် ၆နာရီတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်အား မင်္ဂလာ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့်ပင့်ဆောင်၍ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment