MNP ၊ နိုဝင်ဘာ ၁၄
တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online, Mobile Payment ဖြင့် ပေးသွင်းခြင်းနှင့် အွန်လိုင်းကျောင်းဝင်မှတ်ပုံတင်ခြင်း (Online Registration) တို့ ချိတ်ဆက် ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာ၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ Telecom International Myanmar တို့မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ် ၅၀ တွင် နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားဦးရေ စုစုပေါင်း ငါးသိန်းကျော်နှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် ကျောင်းသားဦးရေ နှစ်သောင်းနီးပါးရှိကြောင်း၊ အထူးသဖြင့် အဝေးသင်ကျောင်းသားအချို့မှာ နယ်အဝေးမှ တက္ကသိုလ်သို့ လာရောက်ကျောင်းအပ်ရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် User-friendly Online Platform တည်ဆောက်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ User များ အဆင်ပြေချောမွေ့စွာ အွန်လိုင်းမှ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Online Registration) ပြုလုပ်ကာ ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စာမေးပွဲကြေးတို့ကို Online, Mobile Payment ဖြင့် ပေးသွင်းနိုင်သည့်စနစ် ကျင့်သုံးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) အထွေထွေမန်နေဂျာနှင့် တက်ရောက်လာသော ဘဏ်အကြီးအကဲများက ပူးပေါင်း ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးကြပြီး မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမြှင့်တင်ရာတွင် ဘဏ်လုပ်ငန်းများက ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် မကြာမီ ဦးစီးကော်မတီနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ ရှေ့ပြေးစီမံကိန်းအကောင်အထည်ဖော်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment