MNP ၊ နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပသော ကျန်းမာခြင်းနှင့်ပြည့်စုံမှ တန်ဖိုးရှိသောလူငယ်ဘဝဖိုရမ် (Youth and Health Forum 2023) ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ NGO၊ INGO များမှ ကိုယ်စားလှယ်များ၊ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာခြင်းနှင့်ပြည့်စုံမှ တန်ဖိုးရှိသောလူငယ်ဘဝ(Youth and Health Forum 2023) မုခ်ဦးအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် လူငယ်ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ကျန်းမာခြင်းနှင့်ပြည့်စုံမှ တန်ဖိုးရှိသောလူငယ်ဘဝ (Youth and Health Forum 2023) ဟော ပြောဆွေးနွေးပွဲကို ခန်းမအတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အဓိကအရေးအကြီးဆုံးအချက်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ သဘာဝသယံဇာတများ လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်လျင် ထိုနိုင်ငံသည် မတိုးတက်နိုင်ပါကြောင်း၊ လူငယ်များသည် နောင်တချိန်တွင် တိုင်းပြည်၏တာဝန်များကို လက်လွှဲယူပြီး နိုင်ငံကိုဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားကြမည့် အနာဂတ်ခေါင်းဆောင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုတော်လာပိုထက်မြက်လာကြပြီး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ အခက်အခဲများကို ကျော်လွှားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် လူမှုရေးဦးတည်ချက်ချမှတ်ပြီး လူငယ်ကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ၏သဘာဝက လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်း၊ တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်သည့်အတွက် ၎င်းတို့၏ စွမ်းဆောင်ရည်များအပေါ် အသိအမှတ်ပြုပြီး စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်ပေးရန် အရေးကြီးကြောင်း၊ အနာဂတ်လူ့ဘောင်ကို ဦးဆောင်မည့် ဖန်တီးရှင်အရင်း အမြစ်များဖြစ်ကြသည့် လူငယ်များ၏ ဘက်စုံဖွံ့ ဖြိုးတိုး တက်ရေး၊ ပြည်သူ့နီတိနှင့် ကျင့်ဝတ်စံနှုန်းများကို လေးစားလိုက်နာသော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်အတွက် လူငယ်များ၏အရေးပါသောကဏ္ဍကို ချန်လှပ်မထားဘဲ အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပြုစုပျိုးထောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် Youth and Health Forum သည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် လူငယ်များပူးပေါင်းပါဝင်ပြီး လူငယ်များ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် အသက်အရွယ်နှင့်ညီမျှသော မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတများကို လူငယ်များအားလုံး လက်လှမ်းမီစေရန်၊ ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုကို လူငယ်များအားလုံးမှ လက်လှမ်းမီရရှိစေရန်၊ အကြမ်း ဖက်မှု၊ လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို ကာကွယ်ရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှ ထိရောက်စွာ ကာကွယ်ပေးရန်၊ မူးယစ်ဆေးဝါး အန္တရာယ်မှကာကွယ်ရေး လုပ်ငန်းများတွင် လူငယ်များမှတက်ကြွစွာ ဦးဆောင်ပါဝင်လာစေရန်၊ စွဲလန်းစေတတ်သည့် ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ အရက်စသည်တို့ကို လူငယ်များသုံးစွဲမှုမှ ရှောင်ကြဉ်၊ လျှော့ချစေရန် ရည်ရွယ်ချက်ချမှတ်ပြီး ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်းနှင့် ယခု Forum မှာ ဆွေးနွေးပြောကြားကြမည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ၊ သတင်းစကားများ၊ ခင်းကျင်းပြသထားသော ကျန်းမာရေးဆိုင်ရာ အချက်အလက်များကတဆင့် လူငယ်လူရွယ်များ၏ ဘဝအတွက်အကျိုးရှိမည့်၊ ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်သော သတင်းစကားများကို သိရှိဖြန့်ဝေနိုင်ရန်လည်း ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ Dason Private School မှ ဆရာ၊ ဆရာမများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကာ ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူငယ်ရေးရာကော်မတီဝင်များ၊ တိုင်းရင်းသားလူငယ်များ၊ အကအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ခိုင်သဇင်ပန်းခြံအတွင်း ခင်းကျင်းပြသထားသော ကျန်းမာရေးအသိပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ကျန်းမာခြင်းနှင့်ပြည့်စုံမှ တန်ဖိုးရှိသောလူငယ်ဘဝ (Youth and Health Forum 2023) ဟောပြောဆွေးနွေးပွဲတွင် တေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေခြင်း၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်များက စိတ်ကျန်းမာရေး၊ မူးယစ်ဆေးအန္တရာယ်နှင့် ပတ်သက်၍ဟောပြောခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ်ကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောခြင်း၊ ကျန်းမာရေးစေတနာ့ ဝန်ထမ်းများက ဆွေးနွေးဟောပြောခြင်း၊ အစားအသောက်နှင့်အလှ ကုန်များ၏ဘေးအန္တရာယ် အကြောင်းပညာပေးဟောပြောခြင်းနှင့် HIV/AIDS နှင့်ပတ်သက်၍ ပဟေဠိများမေးမြန်းခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီအားကစားကွင်း၌ ကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား ပြည်နယ်အဆင့်ဌာနပေါင်းစုံဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူကြပြီး စစ်ကြောင်းမှူးက ဦးဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင် ပျော်ရွှင်သောဝန်ထမ်းများဖြစ်လာစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းစွမ်းပကား တိုးတက်မြင့်မားလာစေရန်၊ လုပ်ငန်းခွင်အတွင်းစိတ်ဖိစီးမှု လျော့နည်းလာစေရန်နှင့် ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်မျိုးသားလုံးသက် ရှည်ကျန်းမာရေးအတွက် အားကစားကဏ္ဍသည်အရေးကြီးကြောင်း၊ နိုင်ငံတော်တည်ဆောက်ရာတွင် ကျန်းမာသန်စွမ်းသော နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများနှင့်သာ တည်ဆောက်နိုင်မည်ဖြစ်သောကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သောသူများ ဖြစ်လာစေရန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို အသက်အရွယ်မရွေး၊ လူတန်းစားမရွေး လုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကျန်းမာရေးကို လိုက်စားပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်မာအောင် ကိုယ်လက်လှုပ်ရှားအားကစားကို ပြုလုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဖူဆယ်အားကစားပြိုင်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်သိုက်သိုက်ဝန်းဝန်းဖြင့် ဌာနဆိုင်ရာအသီးသီးက ပူးပေါင်းပါဝင်ယှဉ်ပြိုင်ပေးကြသည့်အတွက် လည်းများစွာဝမ်းမြောက်မိပါကြောင်းနှင့် ပြိုင်ပွဲဝင်ဌာနများမှ အားကစားသမားများအနေဖြင့်လည်း ယှဉ်ပြိုင်လျှင်နိုင်ရမည် ဆိုသောအားကစားစိတ်ဓာတ်ဖြင့် အနိုင်မခံအရှုံးမပေးဇွဲစိတ်ဓာတ်ကို အရင်းခံပြီး တရားသောယှဉ်ပြိုင်ခြင်းဖြင့် ယှဉ်ပြိုင်ကစားကြရန်နှင့် မိမိတို့ဌာန၏ဂုဏ်၊ ပြည်နယ်၏ဂုဏ်ကို အားကစားနည်းဖြင့်မြှင့်တင်နိုင်သော အားကစားသမားကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာနရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ်ရေးအသင်းနှင့် စည်ပင်သာယာရေးအဖွဲ့အသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်ဖလား ပြည်နယ်အဆင့်ဌာနပေါင်းစုံဖူဆယ် (အမျိုးသား) ပြိုင်ပွဲကို နိုဝင်ဘာ လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၂၆ သင်းဝင်ရောက် ယှဉ်ပြိုင် လျက်ရှိကြောင်း သတင်းရရှိသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment