တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့မှ ထူးချွန်ဆုရ ကျောင်းသားအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့မှ ထူးချွန်ဆုရ ကျောင်းသားအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

 








MNP ၊ဒီဇင်ဘာ ၂၀

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ နေပြည်တော်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့မှ ထူးချွန်ဆုရ ကျောင်းသားအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်မှ (၁၅)ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာန ဗဟိုအဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ဆုတံဆိပ်ရရှိခဲ့ကြသော ထူးချွန်အားကစားမောင်မယ်ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် အားကစားစိတ်ဓာတ်ဖြင့် “လှေခွက်ချည်းကျန်အလံမလှဲ” ယှဉ်ပြိုင်ခဲ့ကြသည့်အတွက်လည်း အားကစားမောင်မယ်များကို ချီးကျူးဂုဏ်ယူပါကြောင်း၊ အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုဖြစ်သည့်အတွက် ဗဟိုအဆင့်အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ဆုတံဆိပ်များစွာ ဆွတ်ခူးကာ တိုင်းဒေသကြီး/ ပြည်နယ်တို့၏အလယ်၌ တနင်္သာရီတိုင်းဒေသကြီး အလံလွှင့်တင်နိုင်အောင် စွမ်းဆောင်ခဲ့ကြခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများက နိုင်ငံ့ကိုယ်စားပြု အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန်၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရအောင် ကြိုးစားသွားကြရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး၊ ဘက်စုံပညာရေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး ပညာထူးချွန်လူရည်မွန်များဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလက်ရွေးစင် ကျောင်းသားအားကစားအဖွဲ့ခေါင်းဆောင် ဦးမင်းဦးက အားကစားပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ရွေးစင် အားကစားထူးချွန်ဆုရ ကျောင်းသား/သူများအား ဂုဏ်ပြုငွေကျပ်(၇၇)သိန်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ် ဦးထုပ်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထူးချွန်ဆုရကျောင်းသားအားကစားသမားတို့က စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)