စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃) တက်ရောက်



MNP ၊ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် တည်ငြိမ်အေးချမ်းသည့်ဒေသများကို အဓိကအခြေပြုကာ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအား အစွမ်းကုန်တိုးမြှင့်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့်တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိရန်လိုအပ်သဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ အစုအဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ပြည်သူများကိုလည်း သိရှိနားလည်အောင် စည်းရုံးပြောကြားသွားကြရန် လိုအပ်ပါကြောင်း၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကိုတိုးတက်ပြီး စံပြဖြစ်အောင် ထုတ်ကုန်အဆင့်မြှင့်တင်ရေးအတွက် ဌာနဆိုင်ရာများမှ လုပ်ငန်းရှင်များနှင့် အမြဲမပြတ်ထိတွေ့ပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

သာမန်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ ခရိုင်/မြို့နယ်အလိုက် စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာတွင် တာဝန်ရှိသူများမှ တွန်းအားပေး ဆောင်ရွက်သွားကြရန် အထူးမှာကြားလိုပါကြောင်း၊ ဆောင်ရွက်၍မရနိုင်သည့် လုပ်ငန်းများရှိပါကလည်း အချိန်မီပြန်လည်အပ်နှံစေပြီး အခြားလိုအပ်သည့်နေရာများသို့ လုပ်ငန်းပြောင်း၊ နေရာပြောင်းဆောင်ရွက်စေခြင်းဖြင့် ဒေသအတွက် ပိုမိုအကျိုးရှိနိုင်မှာဖြစ်ပါ၍ အလေးထားဆောင်ရွက်ပေးကြရန်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ အနီးကပ်စိစစ်သုံးသပ်ပြီး အချိန်မှီပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်၏ဝင်ငွေနှင့် အသုံးစရိတ်မျှတမှုရှိအောင် လိုအပ်သည့်ဝင်ငွေဖြစ်သည့် အခွန်အခများအား ဥပဒေနှင့်အညီ ပြည့်ပြည့်ဝဝရရှိအောင် သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စတင်ကတည်းက ကြိုတင်စီမံဆောင်ရွက်ကြရမှာဖြစ်ပြီး တတိယသုံးလပတ် ကာလကုန်ဆုံးသွားပြီဖြစ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်လျာထားချက် ပြည့်မီကျော်လွန်သည့် ဌာနအဖွဲ့အစည်းများအနေဖြင့် ယခုဘဏ္ဍာနှစ်တွင်လည်း အရှိန်အဟုန်မပျက် ရသင့်ရထိုက်သည့် အခွန်အခများရရှိရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပြည့်မီစွာကောက်ခံရရှိနိုင်ခြင်းမရှိသည့် ဌာနအဖွဲ့အစည်းများအနေဖြင့် လည်းမိမိဌာနအဖွဲ့အစည်း လျာထားချက်ပြည့်မီရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေး၊ MSMEs လုပ်ငန်းအခြေအနေများနှင့် အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေးနှင့် အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)